ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းက တိုက်ပွဲအတွင်း မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ပေါ်မှ မီးခိုးလုံးများတက်လာသည်ကို ထိုင်းနိုင်ငံဘက်မှ တွေ့ရစဉ်

၂၅. ၂. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ဘုရားသုံးဆူမြို့၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရကိုဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့၍ ထိုင်းနိုင်ငံဘက်မှလည်း လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားကြောင်း ထိုင်းနိုင်ငံမီဒီယာများက ဖော်ပြခဲ့ကြသည်။

ပစ်ခတ်မှုများက ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ပစ်ခတ်သံများကြားနေရကာ မြန်မာနိုင်ငံဘက် ဘုရားသုံးဆူမြို့အပေါ်ဘက်တွင် မီးခိုးလုံးများတက်လာသည်ကို မြင်တွေ့ကြရသည်။ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ချင်းဆက်နေသော ကန်ချနာဘူရီပြည်နယ်၊ ဆောင်ခလာဘူရီ ခရိုင်ဘက်မှလည်း လုံခြုံရေးတင်းကြပ်ကာ အဆင့်မြှင့်ထားခဲ့ကြောင်းသိရသည်။

တိုက်ပွဲမှာ တစ်နာရီခန့်ကြာခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူများက ဘုရားသုံးဆူရဲစခန်းတွင် အဖမ်းခံထားရသော ၎င်းတို့ဘက်တော်သားများကို ကယ်တင်နိုင်ရန် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ကြခြင်းဟုလည်း သိရသည်။ ထို့ကြောင့် တိုက်ပွဲများက ဘုရားသုံးဆူမြို့ခရိုင်ရုံးနှင့် ရဲစခန်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဟု ယုံကြည်ရသည်။ ရဲစခန်းကို သိမ်းပိုက်ပြီးနောက် သောင်းကျန်းသူများက မီးဖြတ်အမှောင်ချကာ စခန်းရှေ့ရှိကားတစ်စီးကို မီးရှို့ခဲ့ကြသည်။

အဆိုပါဒေသအတွင်း မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ထိုင်းတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခဲ့ကာ နယ်စပ်စစ်ဆေးရေးဂိတ်ကိုလည်း ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့သည်။ တစ်နာရီကြာတိုက်ပွဲအပြီးတွင် လက်နက်ကိုင်သောင်းကျန်းသူများက တောတွင်းရှိ၎င်းတို့စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရသည်။ တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူမရှိကြောင်းလည်း သတင်းများကဆိုသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News