◾️ YBS နှင့် Taxi ယာဉ်များသို့ CNG များကို နိုင်ငံတကာဈေးနှုန်းထက် ထက်ဝက်ခန့် သက်သာသော ၂၀၀၇ ခုနှစ် ဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ပြောင်းလဲမှုမရှိ ရောင်းချပေးနေခြင်းဖြစ်
၁၆. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို အခွင့်အရေးယူကာ CNG တက္ကစီယာဉ်များ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ယမန်နေ့တွင် ပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ် အကျိုးခံစားခွင့်ရရှိစေရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ အရန်စက်သုံးဆီပမာဏ ပိုမိုသိုလှောင်နိုင်ရေး၊ စက်သုံးဆီတင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) များကို မပြောင်းလဲသော ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေကြောင်း၊ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ CNG Taxi သုံးယာဉ်များကို စီးနင်းကြသည့် ပြည်သူများအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်ကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာမောင်းနှင်၍ ဝန်ဆောင်မှုပေးကြရန် လိုအပ်ကြောင်း၊ မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
