


သက်တံ့
၁၅. ၃. ၂၀၂၆
နီပေါနိုင်ငံအလယ်ပိုင်းတွင် အိန္ဒိယဘုရားဖူးများ လိုက်ပါလာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တောင်ပေါ်လမ်းပေါ်မှ ချော်ကျကာ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့ရာမှ လူ ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ မတ် ၁၅ ရက် (တနင်္ဂနွေနေ့)တွင် ပြောကြားခဲ့သည်။
သေဆုံးသူ ၇ ဦးစလုံးမှာ အိန္ဒိယဘုရားဖူးများဖြစ်ပြီး ကားပေါ်ပါလာသည့် အခြားအိန္ဒိယဘုရားဖူး ၇ ဦးလည်း ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ထားရသည်။ စနေနေ့ညက ဖြစ်ပွားခဲ့သော အဆိုပါယာဉ်တိုက်မှုတွင် ကျန်ရှိသော ဒဏ်ရာရရှိသူ ၂ ဦးမှာ နီပေါနိုင်ငံသား ဘတ်စ်ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်တို့ ဖြစ်ကြသည်။
အဆိုပါဘတ်စ်ကားသည် ဘုရားဖူးများက ယုံကြည်ကိုးကွယ်ကြသည့် မာနာကာမာနာ (Manakamana) ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ပြီးအပြန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဘုရားကျောင်းသည် လာရောက်ဖူးမြော်သူများ၏ ဆုတောင်းများကို နတ်သမီးက ပြည့်ဝစေသည်ဟု ကိုးကွယ်ယုံကြည်သူများ သတ်မှတ်ထားသည့် နာမည်ကြီး ဟိန္ဒူဘုရားကျောင်းတစ်ခု ဖြစ်သည်။
ယာဉ်မတော်တဆမှုသည် မြို့တော် ခတ္တမန္ဒူ၏ အနောက်ဘက် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့်အကွာရှိ ရှာဟစ် လာခမ် (Shahid Lakhan) ကျေးရွာအနီး၊ အဝေးပြေးလမ်းမမှ ဘုရားကျောင်းသို့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘတ်စ်ကားသည် တောင်အဆင်းတွင် ကွေ့တစ်ခု၌ လမ်းချော်ခဲ့ပြီး တောင်စောင်းအတိုင်း မီတာ ၁၅၀ (ပေ ၅၀၀) ခန့် လိမ့်ဆင်းသွားကာ ချောက်ထဲသို့ ကျသွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများသည် ပျက်စီးသွားသော ကားအတွင်းမှ ဒဏ်ရာရရှိသူများကို ဆွဲထုတ်ကာ လူနာတင်ယာဉ်များဖြင့် ဒေသခံဆေးရုံများသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုဝင်များထံ ပြန်လည်မလွှဲပြောင်းမီ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နီပေါနိုင်ငံတွင် လမ်းမကြီးများနှင့် မော်တော်ယာဉ်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မှု အားနည်းခြင်းကြောင့် ဘတ်စ်ကား မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဟိမဝန္တာဒေသရှိ ဤနိုင်ငံ၏ နယ်မြေအများစုမှာ တောင်ထူထပ်ပြီး ကျဉ်းမြောင်းသော လမ်းများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်သည်။
Ref: SCMP
