၁၂.၃.၂၀၂၆
Written By Thandar
မင်္ဂလာဆောင်လုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ မိတ်ကပ်ပညာရှင်တွေပါဝင်တဲ့ သက်ကြီးပူဇော်ပွဲရန်ပုံငွေ တေးအလှ ကဗျာည ဖျော်ဖြေပွဲမှာ ခေါင်ရမ်းပန်းတစ်ပွင့်စာအုပ်ကို ရောင်းချပြီး ရရှိလာတဲ့ အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကို ပါဝင်လှူဒါန်းသွားမယ်လို့ စာရေးဆရာ ဖြိုးကိုကိုက MT Entertainment ကို ပြောပါတယ်။
“တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ရန်ပုံငွေကပွဲပါ။ နာမည်ကြီး အနုပညာရှင်များစွာနဲ့ တစ်ခေတ်တစ်ခါက မိုးကြိုးငှက်ငယ်လေးတွေရဲ့ မင်းသမီးတွေအပြင် ယနေ့ခေတ် Drag Queen တွေရဲ့ တင်ဆက်မှုကိုပါ မြင်ရမှာပါ။ တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ပွဲမို့ ရှားပါးပွဲဖြစ်ပါတယ်။ ဒီပွဲကို လာရောက်အားပေးခြင်းကနေ မိတ်ဆွေဟာ LGBT သက်ကြီးရွယ်အိုတွေရဲ့ ဘဝကို ကူညီပေးလို့ရပါတယ်။ ဒါ့ပြင် ကျွန်တော့်ရဲ့ ခေါင်းရမ်းပန်းတစ်ပွင့် စာအုပ်က ရောင်းချလို့ရတဲ့အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကိုလည်း သက်ကြီးပူဇော်ပွဲအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းတာတစ်ခုက ၂၅ ရက်နေ့မှာ ခေါင်ရမ်းပန်းတစ်ပွင့် ပြဇာတ်ကို အခမဲ့ကြည့်ရှုခွင့်ရမှာပါ။ မိတ်ဆွေတို့ သိပ်ကို မြင်ချင်တဲ့ မျိုးမျိုးဒါလီကို အဲနေ့မှာမြင်ရမှာပါ။ ဒါကြောင့် ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲမှာ ပါဝင်ပေးဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီသက်ကြီးပူဇော်ပွဲ ရန်ပုံငွေပွဲက လက်မှတ်ရောင်းချပေးတာလည်း ရှိပါတယ်။ လက်မှတ်ရောင်းတယ်ဆိုပေမယ့် ဒါဟာ အလှူတစ်ခုဖြစ်ပါတယ်။ ဒီကရတဲ့ အလှူငွေတွေကို လာမယ့် မတ်၂၅ ရက်နေ့ သက်ကြီးပူဇော်ပွဲမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်”လို့ စာရေးဆရာ ဖြိုးကိုကိုက MT Entertainment ကို ပြောပါတယ်။
အဆိုပါ သက်ကြီးပူဇော်ပွဲ ရန်ပုံငွေပွဲကို မတ်လ ၁၃ ရက် ညနေ ၃ နာရီအချိန် ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းရှိ Zealax Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ စာရေးဆရာ ဖြိုးကိုကိုက ခေါင်ရမ်းပန်းတစ်ပွင့်စာအုပ်ကို မနက်ဖြန် မတ်လ ၁၃ ရက်ကနေ မတ်လ ၂၅ ရက်နေ့အထိ ရောင်းချပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ပဥ္စမအကြိမ်မြောက်ကျင်းပမယ့် “သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ တေးအလှ ကဗျာည” ဖျော်ဖြေပွဲမှာ အနုပညာရှင်တွေ ဖြစ်တဲ့ တိုင်ရွန်၊ Vitamin၊ ချစ်ကောင်း၊ ဇွဲပြည့်၊ အစ္စဏီ၊ ဒေါင်းဝေ၊ သိန်းလင်းစိုး၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ အိုင်ရင်းဇင်မာမြင့်၊ စန္ဒီမြင့်လွင်၊ အေးမြဖြူ၊ ရွှေရည်သိန်းတန်၊ နွေးနွေးချစ်ဖွယ်၊ မေချစ်ကောင်းနဲ့ နယ်ပယ်အသီးသီးက ပါဝင်ဖျော်ဖြေတင်ဆက်ကြမယ်လို့ သိရပါတယ်။
