◾️ စစ်ပွဲများစွာဖြင့် မတည်မငြိမ်ဖြစ်နေသော မြန်မာနိုင်ငံသို့ ခြောက်နှစ်ကြာမှ တစ်ခေါက် ပြန်ရောက်ခဲ့ခြင်းလည်းဖြစ်
သတိုး
၁၂. ၃. ၂၀၂၆
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေရဲ့ မိသားစုဝင် အယောက် ၆၀ နီးပါးဟာ သူတို့ရဲ့ ကွယ်လွန်သူ ဆွေမျိုးသားချင်းတွေကို ဂါရဝပြုဖို့ မြန်မာနိုင်ငံဆီ လာရောက်ခဲ့ကြပေမယ့် ဒီခရီးစဉ်တွေကို စီစဉ်ပေးနေတဲ့ နှစ်ရှည်စီမံကိန်းဟာ ကျန်ရစ်သူ မိသားစုဝင်တွေ သက်ကြီးရွယ်အို ဖြစ်လာကြပြီဖြစ်လို့ ဒီဘဏ္ဍာရေးနှစ်မှာပဲ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယအရှေ့မြောက်ပိုင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ “အင်ဖာတိုက်ပွဲ” (Battle of Imphal) အတွက် မြန်မာနိုင်ငံဟာ ဂျပန်တပ်တွေ ချီတက်ရာ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။ အဲဒီစစ်ပွဲအတွင်း မြန်မာပြည်မှာ အင်ပါယာဂျပန်တပ်မတော်သားပေါင်း ၁၃၇,၀၀၀ ခန့် ကျဆုံးခဲ့တယ်လို့ ယူဆရပါတယ်။
ယမန်နေ့ မတ်လ ၁၀ ရက် (ဗုဒ္ဓဟူးနေ့)က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ဂျပန်နိုင်ငံကနေ လာရောက်တဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်သူ စုစုပေါင်း ၆၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
Nippon Izokukai အဖွဲ့ဟာ စစ်မြေပြင်ဟောင်းတွေဆီ ကျန်ရစ်သူမိသားစုဝင်တွေ သွားရောက်နိုင်ဖို့အတွက် အောက်မေ့ဖွယ်နဲ့ ချစ်ကြည်ရေး အစီအစဉ်တွေကို လုပ်ဆောင်ပေးခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ရှိခဲ့ပါပြီ။ ဒါပေမဲ့ အခုအခါမှာတော့ အဲဒီမိသားစုဝင်တွေရဲ့ ပျမ်းမျှအသက်ဟာ ၈၅ နှစ်အထိ ရှိလာပြီဖြစ်တာကြောင့် ဒီစီမံကိန်းကို ဒီနှစ်မှာပဲ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဆီကို ဂျပန်စစ်သည် မိသားစုဝင်တွေအနေနဲ့ ၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်လာရောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
အခမ်းအနားအတွင်း Nippon Izokukai အဖွဲ့ရဲ့ အကြီးအကဲ Mizuochi Toshiei က ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်ရင် ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ ထပ်တလဲလဲ ဖြစ်နေတာကို တွေ့ရမှာပါလို့ ပြောကြားရင်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေကလည်း ပန်းခွေချ ဂါရဝပြုခဲ့ကြသလို နောက်နောင် စစ်ပွဲတွေ မဖြစ်ပွားစေဖို့အတွက် ကတိပြုခဲ့ကြပါတယ်။
ဒါ့အပြင် အဲဒီမိသားစုဝင်တွေရဲ့ အလှူငွေနဲ့ မြန်မာနိုင်ငံမှာ မူလတန်းကျောင်း ၃ ကျောင်း ဆောက်လုပ်ပေးခဲ့ဖူးရာ အခုခရီးစဉ်မှာ အဲဒီကျောင်းတွေထဲက တစ်ကျောင်းဆီ သွားရောက်ပြီး ကလေးငယ်တွေနဲ့အတူ စက္ကူခေါက်ပညာ (Origami) နဲ့ ဂျပန်ရိုးရာ ကစားနည်း (Kendama) တွေကို ကစားရင်း ရင်းရင်းနှီးနှီး ရှိခဲ့ကြပါတယ်။
အင်ဖာတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး စစ်ဆုတ်ခွာစဉ်အတွင်း ကွယ်လွန်သွားခဲ့တဲ့ စစ်သည်တစ်ဦးရဲ့ သမီးဖြစ်သူ အသက် ၈၅ နှစ်အရွယ် Kawamata Kyoko ကတော့ “မြန်မာနိုင်ငံက ကလေးငယ်တွေဟာ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်သူတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref : NHK
