၁၂.၃.၂၀၂၆
Translated by Htwe Ko Tun
နော်ဝေနိုင်ငံ၊ မြို့တော်အော့စလိုရှိ အမေရိကန်သံရုံးမှာ မတ်လ ၈ ရက်ကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတစ်ရပ်အတွက် နော်ဝေရဲတပ်ဖွဲ့က အကြမ်းဖက်ဗုံးခွဲမှု သံသယနဲ့ ညီအစ်ကိုသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၁၁ ရက်မှာပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထိုပေါက်ကွဲမှုမှာ အနည်းငယ်ပျက်စီးမှုရှိပေမယ့် ဒဏ်ရာရရှိတာမရှိဘူးလို့ ဆိုခဲ့ပါတယ်။
ပေါက်ကွဲမှုက မတ်လ ၈ ရက် နံနက် ၁ နာရီ (0000 GMT) မှာ သံရုံးရဲ့ ကောင်စစ်ဝန်ဌာန ဝင်ပေါက်မှာ ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ရှေ့နေ ခရစ်ရှန် ဟတ်လိုက သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးခဲ့တဲ့ ညီအစ်ကိုသုံးဦးဟာ အီရတ်ဇာတိ နော်ဝေနိုင်ငံသားများဖြစ်ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်ဗုံးခွဲမှုရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေတယ်လို ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ အယူအဆအမျိုးမျိုးကနေ လုပ်ဆောင်နေဆဲပါ။ အဲဒီထဲက တူညီတဲ့တစ်ခုက ဒါဟာ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ အမိန့်တစ်ခုဆိုတာပါပဲ၊ ပစ်မှတ်ဖြစ်တဲ့ အမေရိကန်သံရုံးက ဒီနေ့ကမ္ဘာကြီးရဲ့ လုံခြုံရေးအခြေအနေအရဆိုရင် အတော်လေး သဘာဝကျပါတယ်” ဟု ဟတ်လိုက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုက အသက် ၂၀ ကျော်အရွယ်ရှိ ညီအစ်ကိုတို့က ဗုံးခွဲမှုမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့သလဲ အတိအကျရှင်းလင်းနိုင်ဖို့ ရှာဖွေမယ်လို့ ဟတ်လိုက ပြောကြားခဲ့ပါတယ်။
ဟတ်လိုက “သူတို့ထဲက တစ်ယောက်က သံရုံးအပြင်ဘက်မှာ ဗုံးထောင်ခဲ့သူဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ဒီလုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သံသယရှိသူတစ်ဦးရဲ့ ရှေ့နေ အွိုင်းစတိန်း စတောဗစ်ခ်က သူ့ရဲ့အမှုသည်က အမှုနဲ့ပတ်သက်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်ဆိုတာ TV 2 ရုပ်သံလိုင်းကို ပြောကြားခဲ့ပါတယ်။ စတောဗစ်ခ် “သူက အဲဒီမှာ ဗုံးထောင်ခဲ့တယ်လို့ ဝန်ခံပါတယ်” လို့ ပြောခဲ့ပါတယ်။
မတ်လ ၉ ရက်မှာတော့ ခေါင်းပေါ်မှာ ဦးစွပ်ဆောင်းထားပြီး ကျောပိုးအိတ်တစ်လုံးလွယ်ထားကာ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားတဲ့ သံသယရှိသူတစ်ဦးရဲ့ ရုပ်ပုံနှစ်ပုံ စောင့်ကြည့်ကင်မရာမှတ်တမ်းမှ ထွက်ပေါ်လာခဲ့တာပါ။
Ref- Bangkok Post
