သတိုး
၁၂. ၃. ၂၀၂၆
အီရန်သည် ဒရုန်းများနှင့် ဒုံးကျည်များ ပစ်ခတ်ချိန်လမ်းညွှန်ရန်အတွက် အမေရိကန်၏ GPS ဂြိုဟ်တုကွန်ရက်အပေါ် မှီခိုနေမှုကို စွန့်လွှတ်လိုက်ပြီး တရုတ်နိုင်ငံ၏ BeiDou ဂြိုဟ်တုလမ်းညွှန်စနစ်သို့ ပြောင်းလဲအသုံးပြုနေပြီဖြစ်သဖြင့် ယင်းလုပ်ရပ်က အစ္စရေး၏ လေကြောင်းကာကွယ်ရေး စစ်ဆင်ရေးများကို ပိုမိုခက်ခဲ ရှုပ်ထွေးစေလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လက အစ္စရေးနှင့် ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ စစ်ပွဲနောက်ပိုင်းတွင် တီဟီရန်သည် ၎င်း၏ ဂြိုဟ်တုထောက်လှမ်းရေးစနစ်ကို အဆင့်မြှင့်တင်ခဲ့သည်။ ယင်းကြောင့် နွေရာသီ စစ်ဆင်ရေးတိုများအတွင်း အီရန်ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်မှတ်မရောက်အောင် နှောင့်ယှက်နိုင်ခဲ့သည့် အစ္စရေး၏ အီလက်ထရိုသံလိုက်လှိုင်းစဉ် (Electromagnetic Spectrum) ကိုအသုံးပြုသော Electronic Warfare နည်းဗျူဟာများမှာ ထိရောက်မှု လျော့နည်းသွားလိမ့်မည်ဟု ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် အစ္စရေးသည် အနောက်နိုင်ငံထုတ် Electronic Warfare စနစ်များကို အလွန်ထိရောက်စွာ အသုံးပြုခဲ့ပြီး အမေရိကန် GPS အချက်ပြမှုများအပေါ် မှီခိုနေသည့် အီရန်ဒရုန်းများနှင့် ဒုံးကျည်များကို Jammer (လမ်းကြောင်းပြတ်တောက်စေခြင်း) ဖြင့် အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် တစ်နှစ်အတွင်း အီရန်သည် အမေရိကန် GPS အစား တရုတ်၏ ပိုမိုခေတ်မီဆန်းပြားသော BeiDou-3 (BDS-3) ကွန်ရက်သို့ ကူးပြောင်းခဲ့သည်။
“၂၀၂၅ ခုနှစ်မှာ အသုံးမဝင်တော့လောက်အောင်ဖြစ်သွားတဲ့ အရပ်ဘက်သုံး GPS အချက်ပြစနစ်တွေနဲ့ မတူတာက BDS-3 ရဲ့ စစ်ဘက်သုံး B3A အချက်ပြစနစ်ဟာ အခြေခံအားဖြင့် နှောင့်ယှက်ဖျက်ဆီးလို့ မရနိုင်တာပါပဲ” ဟု bne IntelliNews ၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Patricia Marins က ပြောကြားခဲ့သည်။ ထိုစနစ်သည် အဆင့်မြင့် ဖရီကွင်စီပြောင်းလဲခြင်း (Frequency Hopping) နှင့် လမ်းညွှန်ချက် အထောက်အထားစစ်ဆေးခြင်း (NMA) တို့ကို အသုံးပြုထားသောကြောင့် အချက်ပြအတုဖြင့် လှည့်စားခြင်း (Spoofing) ကို ကာကွယ်နိုင်ကြောင်း သူမက မှတ်ချက်ပြုသည်။
အစ္စရေး အသုံးပြုလေ့ရှိသော Electronic Warfare စနစ်များသည် ယခင်က ဒရုန်းများထံသို့ တည်နေရာပြ ကိုဩဒိနိတ်အမှားများ ပေးပို့ကာ လမ်းကြောင်းလွဲသွားစေခြင်း သို့မဟုတ် ပျက်ကျစေခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော် BeiDou တပ်ဆင်ထားသော စနစ်များသည် ထိုကဲ့သို့ နှောင့်ယှက်မှုများကို စစ်ထုတ်နိုင်စွမ်း ရှိသည်။
“အစ္စရေးရဲ့ ဂျမ်မာ (Jammer) တွေဟာ ဒရုန်းတွေကို ကိုဩဒိနိတ်အမှားတွေနဲ့ မလှည့်စားနိုင်တော့ပါဘူး။ BDS-3 Hardware က နှောင့်ယှက်မှုတွေကို ငြင်းပယ်ပြီး ၉၈ ရာခိုင်နှုန်းအထိ တိကျတဲ့ တည်နေရာပြမှုကို ထိန်းထားနိုင်ပါတယ်” ဟု ကျွမ်းကျင်သူများက ဆိုသည်။
ဤလမ်းညွှန်စနစ်သည် ပစ်မှတ်တိကျမှုကိုလည်း မြှင့်တင်ပေးနိုင်သည်။ BDS-3 သည် လေထုအတွင်း အချက်ပြနှောင့်ယှက်မှုများကို အနည်းဆုံးဖြစ်စေရန် ဖန်တီးထားသော စနစ် (Triple-frequency Architecture) ဖြင့် အလုပ်လုပ်သည်။ ယင်းကြောင့် အီရန်ဒုံးကျည်များသည် အိုင်းယွန်းလွှာ (Ionosphere) ဆိုင်ရာ အမှားအယွင်းများကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ပြီး ပစ်မှတ်မှ လွဲချော်နိုင်ခြေ (CEP) ၅ မီတာအောက်သို့ ရောက်ရှိသွားကြောင်း Marins က ဆိုသည်။ ရလဒ်အနေဖြင့် အီရန်၏ တိုက်ခိုက်မှုပုံစံသည် ဧရိယာအလိုက် အစုလိုက်ပစ်ခတ်ခြင်းမှ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိတိကျကျ ပစ်မှတ်ထားခြင်းသို့ ပြောင်းလဲလာနိုင်သည်။
နောက်ထပ်ထူးခြားချက်မှာ BeiDou ၏ မက်ဆေ့ချ်တို ပေးပို့နိုင်စွမ်း (SMC) ဖြစ်ပြီး ယင်းသည် ကွန်ရက်ရှိ ကိရိယာများနှင့် နှစ်ဖက်ပြန်လည် ဆက်သွယ်နိုင်စေသည်။
“BDS-3 ဟာ လမ်းညွှန်ချက်ပေးရုံတင် မဟုတ်ဘဲ နှစ်ဖက်ပြန်လည် ဆက်သွယ်နိုင်တဲ့ နည်းဗျူဟာမြောက် ဒေတာလင့်ခ် (Tactical Data Link) တစ်ခုပါ” ဟု Marins က ဆိုသည်။ ယင်းက ကွပ်ကဲရေးမှူးများကို ကီလိုမီတာ ၂,၀၀၀ အကွာအဝေးရှိ ပျံသန်းနေသော ဒရုန်းများ သို့မဟုတ် ဒုံးကျည်များနှင့် ဆက်သွယ်နိုင်စေသည်။
အဆိုပါစနစ်အောက်တွင် ဒရုန်းများကို အချိန်နှင့်တစ်ပြေးညီ လမ်းကြောင်းပြောင်းလဲနိုင်သည့် အားသာချက်လည်း ရှိနေသည်။
“တကယ်လို့များ တရုတ်သူလျှိုဂြိုဟ်တုတွေက အမေရိကန်ရဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ် သို့မဟုတ် F-15E လေယာဉ်ရဲ့ ပစ်မှတ်ဖမ်းယူမှုကို တွေ့ရှိရင် ၅၆၀ ဘစ် (bit) ရှိတဲ့ ညွှန်ကြားချက်ကို ဂြိုဟ်တုကနေတစ်ဆင့် ဒရုန်းဆီ ပို့လိုက်ပါတယ်။ အဲဒီအခါ ဒရုန်းက ကြိုတင်သတ်မှတ်ထားတဲ့ ရှောင်တိမ်းမှုပုံစံအတိုင်း လမ်းကြောင်းပြောင်းလဲ ပျံသန်းသွားမှာ ဖြစ်ပါတယ်” ဟု ကျွမ်းကျင်သူများက ရှင်းပြသည်။
ဂြိုဟ်တုထောက်လှမ်းရေးနှင့် ကွန်ရက်ချိတ်ဆက်ထားသော လက်နက်များ ပေါင်းစပ်မှုသည် ပိုမိုခံနိုင်ရည်ရှိသော စစ်မြေပြင်ဗိသုကာကို ဖြစ်ပေါ်စေသည်။ “တရုတ်ရဲ့ ‘မျက်စိ’ (ဂြိုဟ်တုထောက်လှမ်းရေး) နဲ့ အီရန်ရဲ့ ‘လက်သီး’ (လက်နက်အင်အား) ကို ပေါင်းစပ်လိုက်ခြင်းဖြင့် တီဟီရန်ဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာသာလွန်မှုကို လုံးဝကျော်လွှားနိုင်တဲ့ စမတ်ကျတဲ့ သုတ်သင်ရေးစနစ်ကို တည်ဆောက်လိုက်တာပါပဲ” ဟု ဆိုကြသည်။
အတည်မပြုနိုင်သော သတင်းများအရ ရုရှားသည်လည်း အီရန်ကို ဂြိုဟ်တုထောက်လှမ်းရေး အချက်အလက်များ ပံ့ပိုးပေးနေသည်ဟု ဆိုသည်။ ရုရှားသည် ယခင်က အီရန်၏ ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်ပေးခဲ့ဖူးသလို ဒေသတွင်းမဟာမိတ်များကိုလည်း ဂြိုဟ်တုဓာတ်ပုံများ မျှဝေခဲ့ဖူးကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ရုရှားစစ်ဘက်ထောက်လှမ်းရေးက ယီမင်ရှိ ဟူသီသူပုန်များထံ ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ခွဲခြားသတ်မှတ်နိုင်ရန် ဂြိုဟ်တုဒေတာများ ပေးခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။ ယခုပဋိပက္ခတွင် ရုရှားက အချိန်နှင့်တစ်ပြေးညီ ကူညီနေကြောင်း အထောက်အထားမရှိသေးသော်လည်း ရုရှား၏ အာကာသစောင့်ကြည့်ရေး၊ တရုတ်၏ BeiDou စနစ်နှင့် အီရန်၏ ဒုံးကျည်အစီအစဉ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းက အနောက်နိုင်ငံများအပေါ် မှီခိုမှုကို လျှော့ချရန် နည်းပညာမဟာမိတ်အသစ် ဖြစ်ပေါ်လာခြင်းကို ပြသနေသည်။
အခြားတစ်ဖက်တွင် အီရန်ဒရုန်းများ၏ ခြိမ်းခြောက်မှုကို ခံနေရသော ပင်လယ်ကွေ့နိုင်ငံအချို့သည် ၎င်းတို့၏ Patriot ဒုံးကျည်လက်ကျန် နည်းပါးလာမှုကြောင့် ယူကရိန်း၏ အဆင့်မြင့် ဒရုန်းကြားဖြတ်တားဆီးရေးစနစ် (Interceptor Drone Systems) များကို ဝယ်ယူရန် မတ်လ ၉ ရက်နေ့ကစ ယူကရိန်းဘက်သို့ လှည့်လာကြကြောင်း ယူကရိန်းသမ္မတရုံး၏ အတည်ပြုမှုအရ သိရသည်။ ယူကရိန်းသည် တစ်လလျှင် ကြားဖြတ်ဒရုန်း အစီးရေ ၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်နေပြီဖြစ်သည်။
Ref : bne IntelliNews
