၁၂. ၃. ၂၀၂၆
Written by Nyein Kyaw
ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များ ကာကွယ်နိုင်ရန် လူတိုင်းလက်လှမ်းမီ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရန် ရည်မှန်းချက်ထား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်း အခမ်းအနားတွင် ပြောကြားသည်။
၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို သက္ကရာဇ် ၂၀၃၀ တွင် ပြည့်မီရန် ရည်မှန်းထားသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ ဗဟိုအဆင့် ဆေးရုံကြီးများမှ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရေးအတွက် ရောဂါစစ်ဆေးပေးခြင်းနှင့် ရောဂါဖြစ်ပွားပါက ထိရောက်သော ကုသမှုပေးခြင်းကို ပြည်သူလူထုတစ်ရပ်လုံး လက်လှမ်းမီနိုင်စေရန်နှင့် ပြည်သူများ စိုက်ထုတ်ကျခံသုံးစွဲရမှု လျော့နည်းစေရေးနိုင်ငံတော်မှ အထူးအလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
