၁၂. ၃. ၂၀၂၆
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ် (မတ်လကုန်) မတိုင်မီ ပြည်ပဆန်တင်ပို့မှုကဏ္ဍတွင် တတ်နိုင်သမျှ ပို့ကုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် စီးပွားကူးသန်းဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းကော်မတီနှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများ၏ ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်ပြည်ပတင်ပို့မှု အခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပို့ကုန်လျာထားချက်များ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ Export တင်ပို့ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု/အခက်အခဲများ၊ Rice Export Zone ဖော်ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့အထိ ဆန်တင်ပို့မှုမှာ ၂,၅၀၆,၀၅၀ မက်ထရစ်တန် ဖြစ်သောကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုမိုတင်ပို့ထားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဘဏ္ဍာနှစ်ကုန် (မတ်လကုန်) မတိုင်မီ တတ်နိုင်သမျှ ပို့ကုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ အစည်းအဝေးမှ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားသောကြောင့် လျာထားချက်ပြည့်မီစေရန် ယခုကာလအတွင်း တန်ချိန် လေးသိန်းခွဲကျော်အထိ တင်ပို့နိုင်ရန် ဆောင်ရွက်ရမည့်အခြေအနေဖြစ်သည်။
