


သက်တံ့
၁၁. ၃. ၂၀၂၆
အီရန်နိုင်ငံ ရေပိုင်နက်အနီးနှင့် ဟော်မုဇ် ရေလက်ကြားအနီးတွင် ထိုင်းနိုင်ငံအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စီးကို အီရန်နိုင်ငံက ဒုံးကျည်များဖြင့် ထိမှန်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုင်းအမှုထမ်း ၂၀ ဦးကို အိုမန်တော်ဝင်ရေတပ်က ကယ်ဆယ်နိုင်ခဲ့သော်လည်း ၃ ဦးမှာ သင်္ဘောပေါ်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ပြောကြားခဲ့သည်။
ထိုင်းစတော့အိတ်ချိန်း SET စာရင်းဝင် Precious Shipping Plc မှ လုပ်ကိုင်နေသော Mayuree Naree (IMO 9323649) သင်္ဘောသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ ခါလီဖာဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ ကန်ဒလာဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေခြင်း ဖြစ်သည်။
သင်္ဘောသည် မတ်လ ၁၁ ရက်နံနက်က ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ပြီးနောက် ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရေတပ်၏ ရေကြောင်းသွားလာမှုနှင့် သင်္ဘောထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားသည်။
ဒုံးကျည် (သို့မဟုတ်) ပစ်ခတ်မှု နှစ်ခုသည် သင်္ဘော၏ ရေမျက်နှာပြင်အထက်ပိုင်းကို ထိမှန်ခဲ့ပြီး သင်္ဘောနောက်ပိုင်းနှင့် အင်ဂျင်ခန်းတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အင်ဂျင်ခန်း ပျက်စီးသွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျန်ရှိနေသည့် အမှုထမ်း ၃ ဦးမှာ အင်ဂျင်ခန်းအတွင်း ပိတ်မိနေသည်ဟု ယူဆရကြောင်း Precious Shipping က ပြောကြားခဲ့သည်။
သင်္ဘောပေါ်တွင် စုစုပေါင်း ထိုင်းနိုင်ငံသား ၂၃ ဦး ပါရှိပြီး အမှုထမ်း ၂၀ ဦးသည် အသက်ကယ်လှေများဖြင့် သင်္ဘောကို စွန့်ခွာခဲ့ကြကာ အိုမန်နိုင်ငံ၊ ခါဆတ်မြို့သို့ ဘေးကင်းစွာ ရောက်ရှိခဲ့သည်။ လက်ရှိတွင် အိုမန်ရေတပ်သည် ကျန်ရှိနေသည့် အမှုထမ်း ၃ ဦးကို ကူညီရန် ဆောင်ရွက်နေပြီး တိုက်ခိုက်မှု၏ အသေးစိတ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ဗုဒ္ဓဟူးနေ့က Hormuz ရေလက်ကြားအတွင်း သို့မဟုတ် အနီးအနားတွင် တိုက်ခိုက်ခံရသည့် သင်္ဘော ၃ စီးအနက် ဤထိုင်းသင်္ဘောမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့သည် တိုက်ခိုက်မှုနှစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
”အစ္စရေးပိုင် လိုက်ဘေးရီးယားအလံတင် Express Rome သင်္ဘောနှင့် Mayuree Naree ကုန်တင်သင်္ဘောတို့သည် IRGC ရေတပ်၏ သတိပေးချက်များကို လျစ်လျူရှုခဲ့သောကြောင့် အီရန်၏ ပစ်ခတ်မှုများဖြင့် ထိမှန်ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်” ဟု IRGC က ထုတ်ပြန်ခဲ့သည်။
IRGC ရေတပ်တပ်မှူး Alireza Tangsiri ကလည်း “ဖြတ်သန်းလိုသည့် မည်သည့်သင်္ဘောမဆို အီရန်ထံမှ ခွင့်ပြုချက်ရယူရမည်” ဟု X (Twitter) တွင် ရေးသားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က သင်္ဘောများနှင့် ဒေသတွင်း အခြေခံအဆောက်အအုံများကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ကမ္ဘာ့အဓိက စွမ်းအင်ပို့ကုန် လမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုများ သိသိသာသာ နှေးကွေးသွားခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အဆိုပါဒေသတွင် အနည်းဆုံး သင်္ဘော ၁၄ စီး တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။
ထိုင်းရေတပ်သည် ဘာရိန်းနိုင်ငံရှိ ပူးပေါင်းရေတပ်ဌာနချုပ်၊ ဘာရိန်း၊ UAE နှင့် အိုမန်နိုင်ငံရှိ ထိုင်းသံရုံးများနှင့် ချိတ်ဆက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်နေသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အမှုထမ်း ၂၃ ဦးလုံး ထိုင်းနိုင်ငံသို့ ဘေးကင်းစွာ ပြန်လာနိုင်ရေး စီစဉ်နေသည်။
Precious Shipping ၏ ထုတ်ပြန်ချက်အရ Mayuree Naree သင်္ဘောသည် စစ်ဘေးအန္တရာယ် အာမခံ (War Risk Insurance) ထားရှိပြီးဖြစ်သောကြောင့် ကုမ္ပဏီအနေဖြင့် ငွေကြေးဆိုင်ရာ ထိခိုက်မှုကြီးကြီးမားမား ရှိမည်မဟုတ်ကြောင်းနှင့် သင်္ဘောပေါ်တွင် ကုန်စည်များ တင်ဆောင်လာခြင်းမရှိသည့်အတွက် ကုန်စည်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Ref: Bangkok Post
