သက်တံ့
၉. ၃. ၂၀၂၆
ဘန်ကောက်မြို့ရှိ နေအိမ်အဆောင်တစ်ခုတွင် ယမန်နေ့ မတ်လ ၈ ရက်က ထိုင်းအမျိုးသားတစ်ဦးသည် ၎င်းနှင့် လိင်ဆက်ဆံရန် ငြင်းဆန်ခဲ့သည့် ဇနီးဟောင်းဖြစ်သူကို ဓားဖြင့်ထိုး၍ သတ်ဖြတ်ခဲ့သည်။
အသက် ၅၈ နှစ်အရွယ် သံသယရှိသူ စမွန် (Samorn) သည် အသက် ၄၉ နှစ်အရွယ် ဇနီးဟောင်း ဝါနတ်ဒါ (Wanatda) ကို သတ်ဖြတ်ခဲ့ကြောင်း ရဲအရာရှိဖြစ်သူ ၎င်း၏ သူငယ်ချင်းထံ ဆက်သွယ်ဝန်ခံခဲ့သည်။ စမွန်သည် မိမိကိုယ်ကိုယ် သတ်သေရန် စီစဉ်နေကြောင်းလည်း အဆိုပါအရာရှိကို ပြောကြားခဲ့သဖြင့် ဖာစီချရိုအမ် (Phasi Charoen) ခရိုင်ရှိ အဆိုပါနေရာသို့ ရဲတပ်ဖွဲ့က အင်အားဖြည့် စေလွှတ်ခဲ့ရသည်။
ဘန်ခွန်သီယန် (Bang Khun Thian) ရဲစခန်းမှ လက်နက်ကိုင်ရဲအရာရှိများသည် သံသယရှိသူတွင် လက်နက်ပါရှိပြီး မိမိကိုယ်ကိုယ် အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသဖြင့် ဖာစီချရိုအမ်ခရိုင်၊ ဆွိုင်သော့ထိုင်း ၈၂ (Soi Thoet Thai 82) ရှိ အဆောင်သို့ သွားရောက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့က စမွန်ကို မိမိကိုယ်ကိုယ် သတ်သေမည့်အစီအစဉ်ကို စွန့်လွှတ်ရန် ဖျောင်းဖျနိုင်ခဲ့ပြီးနောက် ၎င်းက အဖမ်းခံခဲ့သည်။
သေဆုံးသူ ဝါနတ်ဒါကို စမွန်၏ အခန်းအတွင်းရှိ ကုတင်ပေါ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ ဝါနတ်ဒါသည် အဆိုပါ အဆောက်အဦအတွင်းပင် စမွန်၏အခန်းနှင့် နှစ်ခန်းကျော်အကွာရှိ အခန်းတွင် နေထိုင်သူဖြစ်သည်။ တွေ့ရှိချိန်တွင် ဝါနတ်ဒါမှာ အတွင်းခံဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားပြီး လည်ပင်းတွင် ဓားထိုးဒဏ်ရာများ တွေ့ရှိခဲ့ရသည်။
စမွန်၏ ရဲတပ်ဖွဲ့သို့ ထွက်ဆိုချက်အရ ၎င်းနှင့် ဝါနတ်ဒါတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကွာရှင်းခဲ့ကြသော်လည်း ဆက်သွယ်မှုရှိနေဆဲ ဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းတို့နှစ်ဦးသည် ဖျော်ဖြေရေးနေရာတစ်ခုသို့ အတူတူသွားခဲ့ကြပြီးနောက် မူးယစ်နေသည့် အခြေအနေဖြင့် စမွန်၏အခန်းသို့ ပြန်လာခဲ့ကြသည်။ စမွန်က ဝါနတ်ဒါကို လိင်ဆက်ဆံရန် တောင်းဆိုခဲ့သော်လည်း သူမက ငြင်းဆန်ခဲ့သည်။ ထိုအခါ ၎င်းက ဒေါသထွက်လာပြီး သူမလည်ပင်းကို ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဝါနတ်ဒါ၏ သမီးဖြစ်သူက Channel 7 သတင်းဌာနသို့ ပြောကြားရာတွင် စမွန်သည် သူမ၏ ပထွေးဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံမှာ မကွာရှင်းမီက ဆယ်စုနှစ်တစ်ခုကျော်ကြာ အတူနေထိုင်ခဲ့ကြကြောင်း ပြောသည်။
မိခင်ဖြစ်သူမှာ အခြားအမျိုးသားတစ်ဦးနှင့် တွဲနေသည်ကို စမွန်က သိရှိထားကြောင်း၊ ထိုပတ်သက်မှုအပေါ် စမွန်က မကောင်းပြောဆိုခြင်းမျိုး တစ်ခါမျှမရှိခဲ့သော်လည်း စိတ်ထဲတွင်တော့ သဝန်တိုနေလိမ့်မည်ဟု သူမက ယူဆထားသည်။ ရဲတပ်ဖွဲ့က စမွန်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၈ အရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။ ဤပုဒ်မသည် သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိ ကျခံနိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။ လက်ရှိတွင် ၎င်းကို သွန်ဘူရီ (Thon Buri) ရာဇဝတ်တရားရုံးတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
Ref : The Thaiger
