
၉.၃.၂၀၂၆.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နာရာသီဝပ်ပြည်နယ်နဲ့ မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်တို့အကြား တရားမဝင်ရေလမ်းဖြတ်ကျော်မှုတွေကို တားဆီးပိတ်ပင်ဖို့ ထိုင်းနိုင်ငံက လုံခြုံရေးခြံစည်းရိုးများ တပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်က အခုအခါ တရားမဝင်ဆိပ်ကမ်းတွေကို ဖြိုဖျက်ထားတဲ့ ဂိုလော့မြစ်ကမ်းတစ်လျှောက်ရှိ နေရာတွေမှာ သံဆူးကြိုးခြံစည်းရိုးတွေ တပ်ဆင်ခဲ့တဲ့ မလေးရှားလုံခြုံရေးအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကို နမူနာယူဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
နာရာသီဝပ်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် ပရာယွန် ကော့တ်ဆာခါက မကြာသေးမီက မလေးရှားမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဒီအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။ ထိုင်းအာဏာပိုင်တွေက တရားမဝင်ပစ္စည်းတွေနဲ့ အခြားနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ စီးဆင်းဝင်ရောက်မှုကို တိုက်ဖျက်ဖို့ လိုအပ်တဲ့ အဆိုပါလုံခြုံရေးခြံစည်းရိုးတွေ မတပ်ဆင်မီ ထိခိုက်မှုရှိတဲ့ဒေသတွေက ဒေသခံတွေနဲ့ ဦးစွာတိုင်ပင်ဆွေးနွေးမယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ရဲချုပ် ပရာယွန်က “လောလောဆယ်မှာတော့ မလေးရှားအာဏာပိုင်တွေ လုပ်ဆောင်ခဲ့သလိုပဲ နယ်စပ် တရားမဝင်ဖြတ်ကျော်မှုနေရာတွေအဖြစ် မကြာခဏအသုံးပြုလေ့ရှိတဲ့နေရာတွေမှာ သံဆူးကြိုးခြံစည်းရိုးတွေတပ်ဆင်သွားပါမယ်”လို့ ပြောကြားခဲ့တာကို မလေးရှားတရားဝင်သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။
Ref-Bangkok Post
