၉ .၃.၂၀၂၆
Written by Thiri
ဆိုင်ကယ်ကို ဘောက်စ်ကားက နောက်ကနေ အရှိန်နဲ့ဝင်တိုက်တာကြောင့် ဆိုင်ကယ်စီးနင်းလာသူ သုံးဦးစလုံး စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေ ရရှိကာ ကုသမှုခံယူနေရတယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေမေတ္တာလူမှုကူညီရေး (မရမ်းကုန်း)အသင်း တာဝန်ရှိသူက ဆိုပါတယ်။
ဖြစ်စဉ်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အပိုင်၊ ခဝဲခြံ (၁)လမ်းထိပ်မှာ မနေ့က မတ်လ ၈ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဆိုပါ အတိုက်ခံရတဲ့ ဆိုင်ကယ်က အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်ဝင်းထဲကနေ ထွက်လာကာ သမိုင်း မုဒိတာ အိမ်ရာကိုပြန်မယ့် ဆိုင်ကယ်လို့ သိရပါတယ်။
ဆိုင်ကယ်ပေါ်မှာ အသက် ၁၂ နှစ်အရွယ် မိနိးကလေးငယ်ရယ်၊ သူ့နောက်က အမေဖြစ်သူ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးရယ်။ ဆိုင်ကယ်မောင်းတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားရယ် စီးနင်းလာကြပြီး နောက်ကနေ ဝင်တိုက်မိတဲ့အရှိန်ကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွေမေတ္တာ လူမှုကူညီရေးအသင်း (မရမ်းကုန်း ) မှ အသင်းဒုတိယ ဥက္ကဋ္ဌဖြစ်သူ ကိုတိုးအောင်က “ကလေးက အလယ်ကစီးလာတာ။ သူက အခင်းဖြစ်နေရာနဲ့ ပေ ၂၀ လောက်ထိကို လွင့်သွားတယ်။ ခေါင်းလည်း ပြင်းထန်ထိခိုက်တယ်။ ပေါင်ရိုးကျိုးတယ်။ ကလေးအမေဖြစ်သူက ကားအောက်က ဆွဲထုတ်ရတာ။ သူလည်း ဒဏ်ရာများတယ်။ ကားနဲ့တော့ မကြိတ်မိဘူး။ လမ်းတစ်လျှောက်လည်း သတိမလည်ဘူး။ မောင်းတဲ့ ဆိုင်ကယ်ကယ်ရီသမားလည်း ခေါင်းထိထားတာပါပဲ။ နောက်က ဘောက်စ်ကားက အရှိန်လွန် ဝင်တိုက်တာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေး အသင်းတွေက အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေမယ့် ဆေးရုံက မိန်းကလေးဖြစ်သူ အသက် ၁၂ အရွယ်ကလေးကို ဟယ်လ်ပင်ဆေးရုံဆီ လွှဲသလို ဟယ်လ်ပင်ဆေးရုံကလည်း ဒဏ်ရာ ပြင်းထန်တာမို့ ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူ အမျိုးသမီးကြီးမှာလည်း အင်းစိန်ဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံဆီ ပြောင်းရွှေ့ကုသမှူ ခံယူနေရပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ယာဉ်မှုစစ်က စုံးစမ်းစစ်ဆေးနေပြီး ယာဉ်မောင်းဖြစ်သူကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
