နေမိုး
၉ . ၃. ၂၀၂၆
ရှမ်းပြည်နယ်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာရွာတွင် နေအိမ် တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြေအဘွားနှစ်ဦး မီးလောင်သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၉ နာရီအချိန်၌ နမ့်ဖတ်ကာရွာ၊ ရပ်ကွက် (၆)တွင်နေထိုင်သည့် ဒေါ်အမ်ခေါင်ဆိုသူသည် နေအိမ်အတွင်း နံရံပေါ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ အောက်တွင်ထားရှိသော ဓာတ်ဆီပုံးပေါ်သို့ ကျသွား၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက် (၆၀)နှစ်အရွယ် ဒေါ်အမ်ခေါင်နှင့် မြေးဖြစ်သူ အသက် (၁၀)နှစ်အရွယ် မအေမိုးကီတို့သည် မီးလောင်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသည်။
မီးလောင်သွားသည့်နေအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်နှင့် အိမ်အတွင်းရှိပစ္စည်းများအားလုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
