၉.၃.၂၀၂၆
Written by Linn Eain
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောကြိုး၀ိုင်း/ကြိုးပြင်အတွင်း ကျူးကျော်ဝင်ရောက်မှုများ၊ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများကို ခွင့်ပြုမရဘဲ အခြားမြေအဖြစ် ပြောင်းလဲအသုံးချမှုများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မတ် ၈ ရက်၊ နံနက်ပိုင်းက လေယာဉ်ဖြင့် ဝေဟင်မှ လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ဖြင့် လှည့်လည်စစ်ဆေးမှုတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခင်မောင်ရီနှင့်အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိပဲ မြေအသုံးချနေမှုများကို လေယာဉ်ဖြင့် ကနဦး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့အား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် တရားမဝင် ကျူးကျော် အခြေချခြင်းများနှင့် တရားမဝင် မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ စုဖွဲ့ပြီး မြေပြင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက် စွာကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ဖြင့် လှည့်လည်စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
