သက်တံ့
၉. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဟန်ဒေါင်း(Hang Dong) မြို့နယ်က သစ်သီးခြံ (Longan orchard) တစ်ခြံရှိ ငှားရမ်းနေထိုင်တဲ့ အိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ထိုင်းအမျိုးသမီးငယ် အောက်ပိုင်းဗလာနဲ့ သတ်ဖြတ်ခံရမှုမှာ ကျူးလွန်တဲ့ ခဲအိုဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသတ်ခံရသူဟာ အသက် ၂၁ နှစ်အရွယ် စားသောက်ဆိုင်ဝန်ထမ်း အူဆာ (ခေါ်) ပရောင်း (Praew) ဖြစ်ပြီး သူမဟာ မတ်လ ၅ ရက်ကစ အလုပ်ကို ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဘက်တစ်ဦးတို့က ဟန်ဒေါင်းမြို့နယ်၊ ကြက်မောက်သီးခြံဝင်းအတွင်းရှိ သူမငှားနေတဲ့ အိမ်ကို မတ်လ ၇ ရက်မှာ လိုက်သွားခဲ့ကြပါတယ်။ အိမ်ရောက်တဲ့အခါ တံခါးပွင့်နေတာကို တွေ့ရပြီး အော်ခေါ်ပေမဲ့လည်း ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပါဘူး။
လုပ်ဖော်ကိုင်ဘက်ဖြစ်သူက အိမ်အပေါ်ထပ်ကို တက်ကြည့်တဲ့အခါ ပရောင်းဟာ ငြိမ်သက်စွာ လဲလျောင်းနေတာကို တွေ့ခဲ့ရပါတယ်။ သူမဟာ ထပ်မံစစ်ဆေးခြင်းမပြုဘဲ ချက်ချင်းအောက်ထပ်ကို ပြန်ဆင်းလာခဲ့ပြီး မသင်္ကာစရာ တစ်ခုခုဖြစ်နေပြီလို့ ယူဆကာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။
ဟန်ဒေါင်းရဲစခန်းမှ အရာရှိတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ပရောင်းဟာ သူမရဲ့ အိပ်ခန်းထဲမှာ သေဆုံးနေတာကို အတည်ပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သူမရဲ့ ဘောင်းဘီဟာ ချွတ်ခံထားရပြီး လည်ပင်းမှာလည်း ညှစ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။ သူမဟာ အလောင်းကို မတွေ့ရှိခင် ၂ ရက်ခန့်ကတည်းက သေဆုံးနေတာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆပါတယ်။
ရဲတပ်ဖွဲ့က အစပိုင်းမှာ ခိုးမှု၊ ကာမအနိုင်ကျင့်မှု ဒါမှမဟုတ် ဖောက်ပြန်မှု စတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို စဉ်းစားခဲ့ပါတယ်။ ပရောင်းရဲ့ ရည်းစားဟောင်း၊ လက်ရှိရည်းစား၊ အိမ်ရှင်နဲ့ သူမနဲ့ နီးစပ်သူ အမျိုးသား ၂ ဦး အပါအဝင် စုစုပေါင်း အမျိုးသား ၅ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ အဲ့ဒီအချိန်အထိ ဘယ်သူ့ကိုမှ မသင်္ကာစရာ မတွေ့ရှိခဲ့ပါဘူး။
ပရောင်းရဲ့ ဝမ်းကွဲအစ်မနဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဖာနုဝပ် (Phanuwat) တို့ဟာလည်း ထိုခြံဝင်းအတွင်းရှိ တခြားအိမ်တစ်အိမ်မှာ နေထိုင်သူတွေဖြစ်ပြီး သက်သေအဖြစ် လာရောက်ခဲ့ကြပါတယ်။ ခဲအိုဖြစ်သူဟာ ပထမပိုင်းမှာတော့ သက်သေအဖြစ် ဟန်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဖာနုဝပ်ဟာ လူသတ်မှုရဲ့ တရားခံဖြစ်ကြောင်း ပြသနေတဲ့ အထောက်အထားတွေကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဖာနုဝပ်က ဝန်ခံထွက်ဆိုခဲ့ပါတယ်။ သူဟာ မတ်လ ၅ ရက်နေ့က အိမ်အနီးရှိ ကုန်စုံဆိုင်တစ်ခုမှာ အရက်သောက်ခဲ့ပြီးနောက် စိတ်ရမ္မက် ကြွလာခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောပါတယ်။ အဲ့ဒီနောက် ပရောင်းရဲ့အိမ်ကို သွားခဲ့ပြီး အပေါ်ထပ်အိပ်ခန်းထဲမှာ သူမ အိပ်ပျော်နေတာကို တွေ့ခဲ့ပါတယ်။
ဖာနုဝပ်က သူမကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ပေမဲ့ သူမက ပြန်လည်ခုခံခဲ့ပါတယ်။ အဲ့ဒီအခါ သူက သူမရဲ့ လည်ပင်းကို ညှစ်ခဲ့ပါတယ်။ သူမက ဆက်လက်ခုခံနေတာကြောင့် ဆံပင်ဖြောင့်စက်က လျှပ်စစ်ကြိုးကို အသုံးပြုပြီး သူမ သတိလစ်သွားတဲ့အထိ လည်ပင်းကို ရစ်ပတ်ညှစ်ခဲ့ပါတယ်။
လည်ပင်းကို ညှစ်လိုက်တဲ့အားကြောင့် သူမ သေဆုံးသွားတာကို သူသတိမထားမိဘဲ အဓမ္မကျင့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူမရဲ့ ဘောင်းဘီကို ချွတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။ ဒါပေမဲ့ သူမမှာ ရာသီလာနေတာကို မြင်လိုက်ရတဲ့အတွက် ရပ်လိုက်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ သူမ သေဆုံးသွားတာကို သိလိုက်ရတဲ့အတွက် ခိုးမှုအဖြစ်ဟန်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပရောင်းရဲ့ အိတ်နဲ့ ဦးထုပ်ကို အိမ်ရှေ့က အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့ပြီး တံခါးလက်ကိုင်တွေကိုလည်း ဆေးသုတ်ရာမှာသုံးတဲ့ Thinner (သစ်စေးဖျော်ရည်) နဲ့ သုတ်သင် ရှင်းလင်းခဲ့ပါတယ်။
သူ အိမ်ကနေ ထွက်ခွာလာချိန်မှာ ပရောင်းအတွက် ပါဆယ်လာပို့တဲ့ ဝန်ဆောင်မှုပေးသူတစ်ဦးနဲ့ ဆုံခဲ့ပါတယ်။ ဖာနုဝပ်က အဲ့ဒီပါဆယ်အတွက် ငွေရှင်းပေးခဲ့ပြီးမှ အခင်းဖြစ်နေရာကနေ ထွက်ခွာကာ တခြားမြို့နယ်မှာရှိတဲ့ သူ့ရဲ့ မိဘအိမ်ကို သွားခဲ့ပါတယ်။
ပါဆယ်ပို့သူနဲ့ တွေ့ဆုံခဲ့တဲ့ အချက်ကပဲ စုံစမ်းစစ်ဆေးသူတွေကို ဖာနုဝပ်အပေါ် အာရုံစိုက်မိစေခဲ့ပြီး ထပ်မံစစ်ဆေးမေးမြန်းရာကနေ ပြစ်မှုကို ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
ဖာနုဝပ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၈ အရ “တမင်ရည်ရွယ်၍ လူသတ်မှု” နဲ့ တရားစွဲဆိုထားပါတယ်။ ဒီပြစ်မှုဟာ သေဒဏ်၊ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။
ပရောင်းဟာ ဝင်းဟန်းမြို့ဒေသခံဖြစ်ပြီး သူမသတ်ဖြတ်ခံရတဲ့အမှုအတွက် မတ်လ ၈ ရက်မှာ ဝင်းဟန်းမြို့က သူမရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်း ၃၀၀ ခန့်ဟာ ရဲစခန်းကိုရောက်လာပြီး အမှုမှန် အမြန်ဆုံး ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။
Ref : Khaosod
