၉.၃.၂၀၂၆.
Translated by Htwe Ko Tun
အီရန်နိုင်ငံမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ံခိုက်မှုတွေအတွင်း ကျဆုံးခဲ့တဲ့ နိုင်ငံရဲ့ အထွတ်အထိပ်ခေါင်းဆောင် အရာတိုလာ အလီခါမေနီနေရာမှာ အစားထိုးတာဝန်ပေးဖို့ သဘောထားတင်းမာတဲ့ သားဖြစ်သူ မိုဂျ့်တာဘာ ခါမေနီကို အထွတ်အထိပ်ခေါင်းဆောင်ရွေးချယ်ဖို့ တာဝန်ပေးအပ်ထားတဲ့ ဘာသာရေးခေါင်းဆောင် ၈၈ ဦးပါ ကျွမ်းကျင်သူများညီလာခံ Assembly of Experts က မတ်လ ၉ ရက်မှာ တရားဝင်ရွေးချယ်ခဲ့ပါတယ်။
ဒါက တစ်ပတ်ကျော်ကြာလာပြီဖြစ်တဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲကြောင့် ရေနံဈေးနှုန်းက တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ကို ဆက်လက်မြင့်တက်သွားသလိုပဲ အီရန်နိုင်ငံမှာ သဘောထားတင်းမာသူတွေက ခိုင်မာစွာ ဆက်လက်အုပ်ချုပ်နေဆဲဖြစ်တာကို ညွှန်ပြနေတဲ့ လက္ခဏာပဲလို့ ဆိုရမှာပါ။
ဖခင်ဖြစ်သူ ခါမေနီ လက်ထက်မှာထဲက အီရန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကြီးမားတဲ့ စီးပွားရေး ကွန်ရက်တွေအတွင်း ဩဇာရှိတဲ့ ဘာသာရေးခေါင်းဆောင် မိုဂျ့်တာဘာဟာ ကျွမ်းကျင်သူများညီလာခံက မဲပေးရွေးချယ်မှုမတိုင်မီထဲက ခါမေနီနေရာကိုဆက်ခံဖို့ ရှေ့တန်းမှ ဦးဆောင်သူအဖြစ် ရှုမြင်ခံခဲ့ရတာပါ။
ကျွမ်းကျင်သူများညီလာခံက တီဟီရန် စံတော်ချိန် မတ်လ ၈ ရက် ညသန်းခေါင်ယံအကျော်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ “ကျွမ်းကျင်သူများညီလာခံက အဆုံးအဖြတ်မဲပေးမှုဖြင့် အယာတိုလာ ဆာယစ် မိုဂျ့်တာဘာ ဟော့စိန်နီ ခါမေနီအား အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တတိယမြောက် အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်”လို့ ဖော်ပြခဲ့ပါတယ်။
အခုလို သဘောထားတင်းမာတဲ့ မိုဂျ့်တာဘာကို အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာက အီရန်ရဲ့ ခေါင်းဆောင်ရွေးချယ်ရေးမှာ အမေရိကန်အစိုးရ ပါဝင်သင့်တယ်လို့ မတ်လ ၈ ရက်မှာပြောခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အဖို့တော့ ပိုလို့တောင် အမျက်ဒေါသ ထွက်ဖွယ်ရှိပါတယ်။ ထရမ့်ပ်က သူ့ရဲ့ ခွင့်ပြုချက်မပါဘဲ အီရန်အနေနဲ့ ခေါင်းဆောင်ရွေးချယ်ခဲ့ရင် ဒီလူဟာ ကြာကြာမခံပါဘူးလို့ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကြေညာချက်မထုတ်ပြန်မီမှာဘဲ အစ္စရေးကလည်း ရွေးချယ်ခံရသူကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
အီရန်က သူ့နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ခန့်အပ်ပြီးနောက် Times of Israel သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ထရမ့်ပ်က ရွေးချယ်မှုကိုတုံ့ပြန်မလားဆိုတာကို ဖြေဖို့ ငြင်းဆိုခဲ့ပြီး “ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်” လို့သာ ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က စစ်ပွဲကို အဆုံးသတ်ဖို့က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အပြန်အလှန် ဆုံးဖြတ်ချက်ချရမယ်လို့လည်း တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။
မိုဂျ့်တာဘာရဲ့ ဖခင်ဖြစ်တဲ့ အီရန်အထွတ်အထိပ်ခေါင်းဆောင် အလီခါမေနီဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က အီရန်အပေါ် ပထမဆုံးလေကြောင်းတိုက်ခိုက်မှုတွေထဲမှ တစ်ခုမှာ သေဆုံးခဲ့ရတာပါ။
အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းကလည်း မိုဂျ့်တာဘာခါမေနီကို သစ္စာခံမယ်လို့ ကတိပြုထားပြီး အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ကြေညာချက်တစ်စောင်မှာ သူတို့ဟာ ခေါင်းဆောင်သစ်ရဲ့ အမိန့်ကို လိုက်နာဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိထိခိုက်လွယ်တဲ့ အခြေအနေတွေအောက်မှာ ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီဟာ နိုင်ငံကို ဦးဆောင်နိုင်တယ်လို့ အီရန်လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီက ပြောကြားခဲ့ပြီး ခေါင်းဆောင်သစ်နဲ့ စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
Ref -Reuters
