၉.၃.၂၀၂၆
Written by Linn Eain
ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ မီဒီယာများကတစ်ဆင့် ပျံ့နှံ့မှု သန်း ၂၀ ကျော်အထိရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မတ် ၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ အာကာသပြတိုက်တွင် ပြုလုပ်ခဲ့သည့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်လှစ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်ထိ သုံးရက်ကြာ စည်ကားစွာကျင်းပခဲ့ပြီး အကြီးကျယ်ဆုံး၊အခမ်းနားဆုံး အခြေခံပညာအဆင့်ပြိုင်ပွဲအဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “ကလေးတွေရဲ့ လက်ရာအရည်အသွေးဆိုရင်လည်း အကဲဖြတ်ဒိုင်လူကြီးတွေ တော်တော်ခေါင်းခြောက်ရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော်ပဲ အံဩဘနန်းဖြစ်ခဲ့ရတဲ့ (အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ)ပြိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြန်ကြည့်လိုက်ရင်လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ပလက်ဖောင်း ၄ ခုရှိတယ်။ အဲဒီကနေမှ သတင်းအပုဒ်ရေ ၈၂၇ ခုလောက်အထိ တင်ပေးတာရှိတယ်။ အဲဒီတော့ ပျံ့နှံ့မှုက သန်း ၂၀ ကျော်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တာကို တွေ့ရတယ်။ ဒါတော်တော်ကို အားရစရာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယင်းပြိုင်ပွဲတွင် အခြေခံအကျဆုံးဟု ဆိုရမည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ချီးကျူးပြီး ဒုတိယအနေအဖြင့် မိဘ၊ ဆရာများကိုလည်း ချီးကျူးကြောင်း ဦးစိုးသိန်းက ပြောကြားခဲ့သည်။
“ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ အားတက်သရောပဲ။ ပါဝင်စီမံပေးကြတာ မြန်မာနိုင်ငံအာကာသအေဂျင်စီ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတွေဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် တကယ်ကြတော့ ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ ကျောင်းသား၊ ကျောင်းသူတွေ မရှိဘူးဆိုရင် ဒါက အောင်အောင်မြင်မြင်နဲ့ရှိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အခြေခံအကျဆုံး ကျောင်းသား၊ ကျောင်းသူတွေကို ချီးကျူးတယ်လို့ ပြောချင်ပါတယ်။ ဒုတိယကတော့ မိဘနဲ့ ဆရာတွေပါ။ ကိုယ့်သားသမီးလေးတွေ ပြိုင်ပွဲဝင်နိုင်ဖို့အတွက်ကို တကယ်ကိုပဲ မိဘတွေက အားပေးပြီးတော့ ဆရာ၊ ဆရာမတွေလည်း အနားမယူဘဲ တကယ်ကိုပင်ပန်းခံပြီးတော့ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဆိုင်ရာကိစ္စရပ်တွေကို အကုန်လုံး၀ိုင်းပြီးတော့ လုပ်ခဲ့ကြတာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။


အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်အတွက် စူးစမ်းလေ့လာအာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ်အာကာသနည်းပညာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀၀၀)ကျော်က သက်ဆိုင်ရာနေ့အလိုက် လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်လက်ရာများထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု(၁ဝ)ဆုအပြင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတိုင်းကို အသိအမှတ်ပြုလက်မှတ် Certificate နှင့် အမှတ်တရလက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ပြီး ဆုပေးပွဲကို မတ် ၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။


