သက်တံ့
၅. ၃. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် သမိန်ဗရမ်းလမ်း တာမွေဗလီမီးပွိုင့်အနီး (ရွှေဗဟိုဆေးရုံရှေ့)၌ ယနေ့ မတ် ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ယာဥ် ၁၃ စီး အစုလိုက်အပြုံလိုက်ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။
အဆိုပါ ယာဥ်တိုက်မှုသည် ကြက်ဘဲစျေးဘက်မှ တာမွေအဝိုင်းဘက်သို့ မောင်းနှင်လာသော YBS ၁၄၄ ယာဥ်တစ်စီးသည် တာမွေဗလီမီးပွိုင့်၌ စောင့်ဆိုင်းနေသည့် ယာဥ် ၁၃ စီးနှင့် အနှေးယာဥ်တစ်စီးတို့အား ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။
“ဖြစ်တာက YBS ၁၄၄ က နောက်ကနေ ဝင်တိုက်ပြီး လမ်းလယ်ကျွန်းမှာ ရပ်သွားတာ။ တက်စီတွေရော အိမ်စီးကားတွေရော အတိုက်ခံရတယ်။ ဆိုက်ကားတစ်စီးနဲ့ ကားငါးစီးလောက်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ ကံကောင်းတာက ဒီလောက် အရှိန်ကြီးနဲ့ ဆိုးဆိုးရွားရွားတိုက်မိတာတောင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတစ်ယောက်မှ မရှိတာဘဲ”ဟု ကူညီကယ်ဆယ်ခဲ့သူတစ်ဦးက ယင်းသိရှိရသည့်ဖြစ်စဥ်အပေါ်ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုကို YRO ဒုတိယ ဥက္ကဋ္ဌ (လေ့ကျင့်၊ ကယ်ဆယ် ) ဦးဝင်းသူ ဦးဆောင်သော YRO အဖွဲ့ဝင် “မေတ္တာမျှဝေ” ၊ “မေတ္တာ၊ စေတနာ၊ ဒါန၊ ကူညီ ” ၊ ” KMG Rescue ” ၊ ” တာမွေကွန်ယက် ” စသော လူမှုကူညီရေးအသင်းတို့နှင့် အခြား မိတ်ဖက်အသင်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Photo – YRO & Credit
