နေမိုး
၅. ၃. ၂၀၂၆
ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သည့် KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့မှုကြာင့် ကရင်အကြမ်းဖက်လက်နက်ကိုင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၂) မှ လက်နက်ကိုင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ယနေ့ဝန်ခံသည်။
ဖြစ်စဥ်မှာ KNU ထိန်းချုပ်ထားသည့် မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း၊ ၂၀၂၆ခုနှစ် မတ်လ (၄)ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့များက သမီးပေါ်သောကျေးရွာနှင့် ကနဲဃော(ပျားသားချောင်း) ကျေးရွာကြားတွင် KNLA လက်နက်ကိုင်များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂)မှ လက်နက်ကိုင် (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် KNLA လက်နက်ကိုင်များက တပ်မတော်ကို တိုက်ခိုက်နေမှု စစ်အင်အားဖြည့်ရန် သွားရောက်နေချိန် လမ်း၌ ဗိုလ်အယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း KNU ၏ ဝန်ခံချက်က ဆိုသည်။
ကရင်လက်နက်ကိုင် ဗိုလ်မြ၏သား စောနယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ KNDO ၏ တပ်မှူးကြီးတစ်ဦးဖြစ်သော်လည်း လမ်းလုပ်သား ၂၅ ဦးကို ရက်စက်စွာသတ်ဖြတ်မှုဖြင့် KNU မှ ထုတ်ပယ်ခံရပြီးနောက် KTLA (ကော်သူးလေတပ်မတော်) ကို ထူထောင်ခဲ့သလို ကော်သူးလေသမ္မတအဖြစ်လည်း မိမိကိုယ်ကိုယ် နှစ်ကြိမ်ကြေညာခဲ့သည်။
