သက်တံ့
၅. ၃. ၂၀၂၆
ဂျပန်နိုင်ငံ၏ နာမည်ကျော် ယာကူဇာ (Yakuza) ဂိုဏ်းဝင်တစ်ဦးသည် နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ မှောင်ခိုကူးသန်းမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် နယူးယောက်တရားရုံးက ၎င်းအား အင်္ဂါနေ့တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။
အသက် ၆၁ နှစ်အရွယ် တာကဲရှိ အဲဘီဆာဝါ (Takeshi Ebisawa) သည် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) ၏ နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုအပြီးတွင် ထိုင်းနိုင်ငံသား ပူးတွဲတရားခံ ဆွန်ဖော့ဆင်ဟာသီရိ (Somphop Singhasiri) နှင့်အတူ မူးယစ်ဆေးဝါးနှင့် လက်နက်မှုများဖြင့် ၂၀၂၂ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းအား စစ်ဘက်သုံး နျူကလီးယားပစ္စည်းများအပြင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ရောင်းချရန် ကြိုးပမ်းမှုဖြင့် ထပ်မံစွဲချက်တင်ခဲ့သည်။ အဆိုပါ ရောင်းရငွေများဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအတွက် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအပါအဝင် လက်နက်များ ဝယ်ယူရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဲဘီဆာဝါသည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း ၎င်းဆက်သွယ်နေသူများမှာ DEA ၏ လျှို့ဝှက်သတင်းပေးဖြစ်ပြီး အီရန်ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသူများဖြစ်ကြောင်း မသိရှိခဲ့ပေ။ ၎င်းကို ၂၀၂၂ ခုနှစ် ဧပြီလတွင် မန်ဟက်တန်၌ DEA ၏ ထောင်ချောက်ဆင် ဖမ်းဆီးမှုအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“အစပိုင်းမှာ ယူရေနီယံ (Uranium) ကို ကမ်းလှမ်းခဲ့ပြီးနောက်၊ အဲဘီဆာဝါက အီရန်နိုင်ငံအတွက် ယူရေနီယံထက် ပိုမိုကောင်းမွန်ပြီး စွမ်းအားသာလွန်တဲ့ ပလူတိုနီယံ (Plutonium) ကိုပါ ထောက်ပံ့ပေးဖို့ ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသူကို အဆိုပြုခဲ့တယ်” ဟု အမေရိကန် တရားရေးဌာနက ထုတ်ပြန်ခဲ့သည်။
တရားရုံးမှတ်တမ်းများအရ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဲဘီဆာဝါသည် ၎င်းတွင် ရောင်းချလိုသော နျူကလီးယားပစ္စည်း အမြောက်အမြားရှိကြောင်း ၂၀၂၀ ပြည့်နှစ်တွင် DEA သတင်းပေးထံ ပြောကြားခဲ့သည်။ ၎င်း၏ ပြောဆိုချက်ကို သက်သေပြရန်အတွက် ဓာတ်ရောင်ခြည်တိုင်းစက် (Geiger counters) ဖြင့် တိုင်းတာနေသည့် ကျောက်တုံးသဏ္ဌာန် ပစ္စည်းများ၏ ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး ယင်းတို့မှာ သိုရီယံ (Thorium) နှင့် ယူရေနီယံတို့ ဖြစ်သည်ဟု ဆိုခဲ့သည်။
အဆိုပါ နျူကလီးယားပစ္စည်းများသည် မြန်မာနိုင်ငံတွင် ယူရေနီယံ တူးဖော်နေသည့် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့” တစ်ခု၏ အမည်မဖော်လိုသော ခေါင်းဆောင်တစ်ဦးထံမှ ရရှိခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အဲဘီဆာဝါသည် ၎င်းမှတစ်ဆင့် ယူရေနီယံများကို ရောင်းချပေးပြီး ရရှိလာသော ငွေကြေးဖြင့် အီရန်ဗိုလ်ချုပ်ကြီးထံမှ လက်နက်များ ပြန်လည်ဝယ်ယူရန် အဆိုပါ တိုင်းရင်းသားခေါင်းဆောင်ကို အကြံပြုခဲ့သည်ဟု တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
အမေရိကန် ဖက်ဒရယ်ဓာတ်ခွဲခန်းမှ စမ်းသပ်ချက်များအရ အဆိုပါ နျူကလီးယားပစ္စည်း နမူနာများတွင် ယူရေနီယံ၊ သိုရီယံနှင့် ပလူတိုနီယံတို့ ပါဝင်နေပြီး ပလူတိုနီယံ၏ အိုင်ဆိုတုပ် (Isotope) ပါဝင်မှုမှာ စစ်ဘက်သုံးအဆင့် ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဆိုလိုသည်မှာ နျူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် လုံလောက်သော အဆင့်အတန်းရှိနေခြင်း ဖြစ်သည်။
ထို့အပြင် အဲဘီဆာဝါသည် စိတ်ကြွဆေး ကီလိုဂရမ် ၅၀၀ နှင့် ဘိန်းဖြူ ကီလိုဂရမ် ၅၀၀ တို့ကို နယူးယောက်တွင် ဖြန့်ဖြူးရန် ကြံစည်မှု၊ မူးယစ်ဆေးမှ ရရှိသည့် ဒေါ်လာ ၁၀၀,၀၀၀ ကို အမေရိကန်မှ ဂျပန်သို့ ငွေခဝါချရန် ကြိုးပမ်းမှုတို့ဖြင့်လည်း စွပ်စွဲခံထားရသည်။ ၎င်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စွဲချက် ၆ ခုလုံးအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန်အိုင်ဆင်ဘာ့ဂ် (John Eisenberg) က “တာကဲရှိ အဲဘီဆာဝါဟာ အီရန်နိုင်ငံကို စစ်ဘက်သုံး ပလူတိုနီယံတွေ ရောင်းချဖို့ ကြိုးပမ်းမှုနဲ့ နယူးယောက်မြို့ထဲကို အသက်အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးတွေ အမြောက်အမြား သွင်းယူဖို့ ကြိုးပမ်းမှုအပါအဝင် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အခုတော့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူရပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Ref: CBS/AFP/Associated Press
