သက်တံ့
၅. ၃. ၂၀၂၆
မြောက်ကိုရီးယား (DPRK) ၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် ဖျက်သင်္ဘော ‘ချွိုင်ဟေယွန်’ (Choe Hyon) သို့ သွားရောက်စစ်ဆေးစဉ် နိုင်ငံ့ရေတပ်၏ နျူကလီးယားလက်နက် တပ်ဆင်နိုင်မှုအပေါ် ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ယနေ့ ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
ခေါင်းဆောင်ကင်သည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် အဆိုပါ ဖျက်သင်္ဘောပေါ်သို့ တက်ရောက်ကာ သင်္ဘောသားများ၏ သင်္ဘောကိုင်တွယ်မောင်းနှင်မှုနှင့် လက်နက်စနစ်အမျိုးမျိုး၏ စစ်ဆင်ရေးအသင့်ဖြစ်မှု အခြေအနေများကို စစ်ဆေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ဖျက်သင်္ဘော၏ စွမ်းဆောင်ရည်နှင့် စစ်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်နိုင်စွမ်းများကို အကဲဖြတ်ရန် စမ်းသပ်မောင်းနှင်မှု (Shakedown) လုပ်ငန်းစဉ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖျက်သင်္ဘောအား စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်နိုင်ရန်အတွက် စနစ်အားလုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုအပေါ် ကင်ဂျုံအန်က ချီးကျူးပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ ပင်လယ်ပြင်ကာကွယ်ရေးစွမ်းပကား၏ သင်္ကေတသစ်ဖြစ်သော အမျိုးအစားသစ် ဖျက်သင်္ဘော၏ စစ်ဆင်ရေးစွမ်းဆောင်ရည် စမ်းသပ်မှုများသည် စီစဉ်ထားသည့်အတိုင်း ချောမွေ့စွာ လည်ပတ်နေသည်ဟု ၎င်းက ပြောကြားကြောင်း KCNA က ဆိုသည်။
ရေတပ်ကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးခြင်းသည် ကျေနပ်ဖွယ်ကောင်းသော တိုးတက်မှုများ ရှိနေကြောင်းလည်း ကင်ဂျုံအန်က ဆိုသည်။ “ကျွန်တော်တို့ရဲ့ ရေတပ်ဟာ အားကောင်းတဲ့ တိုက်စစ်စွမ်းရည်ကို ပိုင်ဆိုင်လာတော့မှာဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်သော အင်အားစုတွေက ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်မှုအပေါ် စိုးရိမ်ပူပန်နေတယ်ဆိုရင် အဲဒါဟာ သူတို့ဟာ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်တယ်ဆိုတာကို အတိအကျ သက်သေပြနေတာပါပဲ” ဟု ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့တွင်မူ ကင်ဂျုံအန်သည် အဆိုပါ စစ်သင်္ဘောပေါ်မှ ပစ်ခတ်သည့် ပင်လယ်ပြင်မှ မြေပြင်ပစ် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် (Strategic Cruise Missile) စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြည့်ရှု စစ်ဆေးခဲ့သည်။
Ref : Xinhua
