၅.၃.၂၀၂၆
Written by Thiri
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်စဉ်တစ်ရပ် ဒီကနေ့ မတ်လ (၅)ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
ဖြစ်စဉ်က ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)ရှိ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေထဲ ကလေးငယ် ၃ ဦးလည်းပါဝင်ကြောင်း သိရှိရကာ ဘာကြောင့် အခုလို ဖြစ်ရပ် ဖြစ်ပွားရတယ်ဆိုတာကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဆောင်ရွက်နေဆဲလို့လည်း သိရပါတယ်။

သေဆုံးသူတွေက အသက် (၄၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၎င်း အမျိုးသားရဲ့ ဇနီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး၊ အသက် ၁၁ နှစ်အရွယ် သားကြီး၊ အသက် ၉ နှစ်အရွယ် သမီးလတ်နဲ့ အသက် ၅ နှစ်အရွယ် သမီးငယ် အပါအဝင် အသက် ၄၂ နှစ်အရွယ်ရှိ အိမ်အကူဖြစ်သူတို့ ခြောက်ဦးလို့လည်း သိရှိရပါတယ်။
သေဆုံးသူ အမျိုးသားနဲ့ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ်ရှိ ကျောင်းသား အပါအဝင် အိမ်အကူကို နေအိမ်ရဲ့ အိမ်ရှေ့ခန်းမှာ ဓားဒဏ်ရာတွေ ရရှိသေဆုံးနေတာကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိရသလို နေအိမ်နောက် အိပ်ခန်းမှာ ဇနီးသည် အမျိုးသမီးနဲ့ သမီးတွေကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးရုပ်အလောင်းတွေကို မိုးကောင်းမြို့နယ်၊ ပင်းဘောတိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ ဆေးစစ်ချက်ရယူနေဆဲဖြစ်ပြီး လူသတ်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ ကျူးလွန်တဲ့တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
