သက်တံ့
၅. ၃. ၂၀၂၆
မလေးရှားနိုင်ငံ၊ နယ်ဂရီ ဆေဘီလန် (Negri Sembilan) ပြည်နယ်၊ နီလိုင်မြို့ရှိ နိုင်ငံခြားသား အလုပ်သမားအဆောင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္လာနေ့ (မတ် ၂ ရက်) က မြန်မာအမျိုးသမီးတစ်ဦး လည်ပင်းလှီးဖြတ်အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ယနေ့နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
နီလိုင်ရဲစခန်းမှူး Supt Johari Yahya ၏ ပြောကြားချက်အရ ပြီးခဲ့သည့် တနင်္လာနေ့ ည ၁၁ နာရီ ၂၁ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာတွင် အသက် ၃၀ ကျော်အရွယ်ရှိပြီဟု ယူဆရသော သေဆုံးသူအမျိုးသမီးအား အဆောင်၏ လှေကားတွင် သွေးအိုင်ထဲ၌ သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆေးရုံတင်ပို့ ကုသမှု လုပ်ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ပြီးနောက် ယနေ့ မတ်လ ၅ ရက်ကူးစ နံနက် ၁ နာရီ ၅၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့သော သံသယရှိသူသည် သေဆုံးသူအမျိုးသမီးအား ဓားဖြင့် လည်ပင်းလှီးခဲ့ကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။
လူသတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ငွေကြေးအကြွေးကိစ္စနှင့် ဆက်နွှယ်နေသည်ဟု ယူဆရသည်။ သံသယရှိသူသည် သေဆုံးသူထံတွင် ရင်းဂစ် ၁၀,၀၀၀ ခန့် အကြွေးတင်နေခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် ရင်းဂစ် ၅,၅၀၀ ကို ပြန်မဆပ်နိုင်ပါက သံသယရှိသူနှင့် ၎င်း၏ချစ်သူ မိန်းကလေးတို့၏ ဓာတ်ပုံများကို Facebook ပေါ်သို့ ပျံ့နှံ့အောင်လုပ်မည်ဟု သေဆုံးသူက ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော အနက်ရောင်အင်္ကျီ တစ်ထည်၊ ဖိနပ်တစ်ရံ၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဓားတစ်ချောင်းကို သိမ်းဆည်းခဲ့ပြီး ယခုအမှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကာ သံသယရှိသူကို စစ်ဆေးမေးမြန်းရန်အတွက် ချုပ်မိန့် (Remand) ရယူထားကြောင်း သိရသည်။
Ref : Bernama
