၅.၃.၂၀၂၅
Written By Thandar
မြန်မာရုပ်ရှင်အစည်းအရုံးရဲ့ နှစ် (၈၀) ပြည့်အထိမ်းအမှတ်အဖြစ် ရွှေမြား အငြိမ့်အဖွဲ့က ပရိသတ်တွေကို လာမယ့် မတ်လ ၇ ရက်မှာ ကပြဖျော်ဖြေ တင်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော့်အဖွဲ့က မြန်မာရုပ်ရှင်အစည်းအရုံးရဲ့ နှစ် (၈၀) ပြည့်အထိမ်းအမှတ်မှာ ဒုတိယအကြိမ် ကပြဖျော်ဖြေမှာပါ။ ကျွန်တော်က ကပြဖျော်ဖြေချိန်က ရုပ်ရှင်တစ်နာရီပဲ ဖျော်ဖြေခွင့်ရလို့ ညီမလေး အေးမြဖြူမပါတော့တာပါ။ ဒီပွဲမှာရုပ်ရှင်မင်းသမီး နှစ်ယောက်ကိုပဲ ဦးစားပေးလိုက်ရလို့ ညီမလေး မိုးသို မပါတာပါ၊ နောက်ပွဲတွေမှာ မိုးသိုလေးကို မင်းသမီးအဖြစ်ပြန်တွေ့ရမှာပါ။ ရွှေမြားထူထောင်လိုက်တာက တကယ်တော့ ကျွန်တော်တို့ ပွဲကပြဖို့၊ ငှားရင် လိုက်ပြီး ဖျော်ဖြေဖို့အတွက်ကတော့ လုံး၀ လုံးဝမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”လို့ ရွှေမြား လူရွှင်တော်အဖွဲ့က ပြောပါတယ်။
အဆိုပါ အငြိမ့်အဖွဲ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ သုံးရက်တိုင်တိုင် အက, ဖျော်ဖြေရေးအတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရွှေမြားမှာ နာမည်ကြီး သရုပ်ဆောင်တွေက လူရွှင်တော်တွေအနေနဲ့ တိုင်ရွန်၊ ထူးအောင်၊ သိန်းလင်းစိုး၊ ဂျိုကာတို့ ပါဝင်မှာဖြစ်ပြီးတော့ မင်းသမီးတွေအနေနဲ့ အကယ်ဒမီ အေးမြတ်သူနဲ့ ယမုံမြင့်မြတ်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
“ယမုံတို့ ရွှေမြားအငြိမ့်အဖွဲ့ ဒုတိယအကြိမ် ပြန်လည် က,ပြခြင်းပဲဖြစ်ပါတယ်။ မြန်မာအကက တော်တော်ခက်တဲ့အထဲမှာ ပါပါတယ်။ ယမုံအတွက် အခက်ခဲဆုံး ကကွက်ဆိုရင် ဂွင်(ခွင်)ထိုင်တာပဲ။ ဆရာမကတော့ ဂွင်(ခွင်)ထိုင်တာ လေ့ကျင့်ပါများရင် ပေါ့ပေါ့ပါးပါးပဲဖြစ်သွားမှာပါလို့ ပြောပါတယ်။ အာရုံကြောအားနည်းတဲ့သူလည်း ဖြစ်နေတော့ ဂွင်(ခွင်)ထိုင်လိုက်ရင် အရမ်းပင်ပန်းသလို ခံစားရတာ။ ဂွင်(ခွင်)ထိုင်ပြီး ကလိုက်တာ ဝိတ်လည်းကျသွားပါတယ်။ မကြာခင်က,ပြမှာမို့ လာရောက်အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ယမုံမြင့်မြတ်ကပြောပါတယ်။
ရွှေမြားအငြိမ့်အဖွဲ့ ဖျော်ဖြေပွဲကို မတ်လ ၇ ရက်ည ၆နာရီက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ က,ပြဖျော်ဖြေပေးမှာဖြစ်ပါတယ်။
#တိုင်ရွန် #ထူးအောင် #သိန်းလင်းစိုး #ဂျိုကာ #အေးမြတ်သူ #ယမုံမြင့်မြတ် #ရွှေမြားအငြိမ့်အဖွဲ့ #မြန်မာရုပ်ရှင်အစည်းအရုံးရဲ့၈၀နှစ်ပြည့် #ရွှေမြားအငြိမ့်အဖွဲ့


