သတိုး
၁၃. ၂. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီသမ္မရတ်ပြည်နယ်တွင် စစ်အသုံးအဆောင် လက်နက်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် လက်နက်မှောင်ခိုကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ဝင်ရောက်စီးနင်းမှုအတွင်း အသက် ၂၅ နှစ်အရွယ် ပေါင် (Pong)၊ ၂၆ နှစ်အရွယ် နတ် (Nat) နှင့် ၂၃ နှစ်အရွယ် ဂျော (Jor) တို့ သုံးဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဆက်စပ်တရားခံအဖြစ် အသက် ၂၉ နှစ်အရွယ် နော့ပ် (Nop) ကို စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ၎င်းတို့ထံမှ M16 ရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ M16A1 တိုက်ခိုက်ရေးရိုင်ဖယ် (၂) လက်၊ MK12 Shotgun (၁) လက်၊ .22 Caliber ရိုင်ဖယ် (၁) လက်၊ပြည်တွင်းဖြစ် Shotgun (၂) လက်၊ .38 Caliber လက်လုပ်သေနတ် (၁) လက်၊ .22 Caliber လက်လုပ်သေနတ် (၁) လက်၊ နှစ်လုံးပြူး သေနတ် (၁) လက်၊ M67 လက်ပစ်ဗုံး (၂) လုံး၊ ကျည်ဆန်အမျိုးမျိုး အတောင့် ၃၀၀ နီးပါး တွေ့ရှိခဲ့သည်။
ရဲဗိုလ်ချုပ် Pornchai Khajonkliang ၏ ပြောကြားချက်အရ စုံစမ်းစစ်ဆေးမှုများတွင် စိတ်ဝင်စားဖွယ်ရာ အချက်တစ်ချက် တွေ့ရှိခဲ့ရသည်။ ထိုအချက်မှာ ဖမ်းဆီးရမိထားသူများသည် လက်နက်များကို ထိုင်းနိုင်ငံအနှံ့ ရောင်းချနေရုံသာမက မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံအနောက်ပိုင်း နယ်စပ်တစ်လျှောက်ရှိ ဝယ်ယူသူများထံသို့လည်း အဓိကထား တင်ပို့ရောင်းချနေကြောင်း သိရသည်။
ထိုင်းနိုင်ငံအနောက်ပိုင်းနယ်စပ်သည် မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ထိစပ်နေသည့် နယ်စပ်ဒေသဖြစ်ပြီး လက်ရှိတွင် ထိုနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။
လတ်တလောတွင် ပထမဖမ်းဆီးရမိသူ သုံးဦးအား လက်နက်ခဲယမ်း တရားမဝင် လက်ဝယ်ထားရှိမှု၊ ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိမှု၊ ခွင့်ပြုချက်မရှိဘဲ လူစည်ကားရာနေရာ၌ လက်နက်သယ်ဆောင်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချရန် လက်ဝယ်ထားရှိမှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
ယခုဖမ်းဆီးရမိသည့် အွန်လိုင်းလက်နက်ရောင်းဝယ်ရေး ကွန်ရက်သည် မည်သည့်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည်ကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
