၁၃.၂.၂၀၂၆
Written by Thiri
သစ်ခွဲစက်ရုံမှာ အလုပ်လုပ်တဲ့ လုပ်သားတစ်ဦး သစ်ခွဲတဲ့ လွှစက်ထဲ မတော်တဆပါသွားကာ အပိုင်းပိုင်းဖြတ်တောက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ဇေကမ္ဘာစက်မှုဇုန်မှာ ဖြစ်ပွားခဲ့တယ်လို မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်တွင်း သေဆုံးသူအမျိုးသားမှာ အသက် ၅၀ ကျော်အရွယ်လို သိရှိရကာ ခန္ဓာကိုယ်တစ်ခုလုံး လွှစက်ပေါ်ရောက်ရှိသွားရာက စက်က အပိုင်းပိုင်း ဖြတ်တောက်မှုကြောင့် တစ်စစီ လိုက်လံကောက်ယူရှင်းလင်းပေးခဲ့ရတယ်လို ပရဟိတအဖွဲ့သားတစ်ဦးက ဆိုပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက “ဒီလို ပုံတွေ မတင်ချင်ပါဘူး။ သူတို့ဘက်ကလည်း (စက်ရုံ) သတင်းထိန်းချင်ပုံရတယ်။ ကျွန်တော် အခုလို လိုင်းပေါ်တင်လိုက်ရတာက အားနည်းသူဘက်က ရပ်တည်တဲ့အနေနဲ့ပါ။ ထိုက်တန်တဲ့ နစ်နာကြေး မိသားစုတွေကို ရစေချင်တာပေါ့ ။ အလောင်းကတော့ မြင်မကောင်းအောင်ပါပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရုပ်အလောင်းကို တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ပုလဲအရန်မီးသတ်တပ်ဖွဲက သေချာစွာထုပ်ပိုးပြီး အသင်းအဖွဲ့ပိုင်ယာဉ်နဲ့ မေဓာဝီဆေးရုံဆီ သွားရောက်ကူညီ အပ်နှံပေးခဲ့ကြောင်းလည်း သိရပါတယ်။
