သက်တံ့
၁၃. ၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ထံသို့ အန်ထောင် (Ang Thong) ပြည်နယ်မှ လူသိများသူ အလောင်းပြင်သမားတစ်ဦးသည် အောက်လမ်းနည်းဖြင့် ကံဆိုးမှုများ ဆေးကြောပေးစဉ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်ခဲ့သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လာရောက်တိုင်ကြားခဲ့သည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နာမည်ကျော် ဝိညာဉ်ရေးရာ စုံစမ်းစစ်ဆေးသူ ဂျီရာဖန် (Jiraphan “Mor Pla” Phetkhao) က နစ်နာသူ အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်၍ CIB ဒုတိယမင်းကြီးထံ တရားဝင် အမှုဖွင့်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ဒေသတွင်း၌ ဝိညာဉ်ရေးရာ ကုသပေးသူဟု မိမိကိုယ်ကိုယ် ကြော်ငြာထားသော စနွမ် (Sanom) အမည်ရှိ အမျိုးသားကို အရေးယူပေးရန် တောင်းဆိုထားသည်။
◾️ နစ်နာသူ၏ ထွက်ဆိုချက်
နစ်နာသူတစ်ဦးဖြစ်သည့် အသက် ၄၀ အရွယ် အမျိုးသမီး နင်း (Ning) ၏ ပြောကြားချက်အရ သူမ၏ ခင်ပွန်းဖြစ်သူမှာ ၂ နှစ်ကြာ နာတာရှည်ဖျားနာနေပြီး ဆေးရုံတွင် ကုသသော်လည်း သက်သာခြင်း မရှိခဲ့ပေ။ ထိုအချိန်တွင် လူမှုကွန်ရက်ပေါ်၌ စနွမ်၏ အောက်လမ်းနည်းဖြင့် ဆေးကြောပေးသည့် ကြော်ငြာကို တွေ့ရှိခဲ့သလို ရဲအရာရှိကြီးများနှင့် စစ်ဗိုလ်ချုပ်များပင် ၎င်း၏ တပည့်များဖြစ်သည်ဟု စနွမ်က အယုံသွင်းခဲ့သည်။
လူသေအလောင်းများအတွက် အသုဘကိစ္စစီစဉ်ပေးသူဖြစ်သဖြင့် အမှန်တကယ်တွင် အလောင်းပြင်သမားအဖြစ် လူသိများသော်လည်း မိမိကိုယ်ကိုယ် “မှော်ဆရာ/ဝိညာဉ်ရေးရာ ကုသမှုပေးသူ” (Spiritual Healer) အဖြစ် ပုံဖော်ထားသူ စနွမ်က ကံကောင်းအောင် စီရင်ပေးမှု တစ်ကြိမ်လျှင် ဘတ် ၂၀၀ သာ ကျသင့်မည်ဟု ကြော်ငြာထားသည်။ သို့သော် ဘုရားကျောင်း (Temple) သို့ ရောက်ရှိချိန်တွင်မူ ကုသပုံမှာ ကြော်ငြာထားသကဲ့သို့ မဟုတ်ဘဲ ပြောင်းလဲသွားခဲ့သည်။
စနွမ်က နင်းကို လုံချည်လဲခိုင်းပြီးနောက် လုံးဝ ချွတ်ခိုင်းခဲ့သည်။ ထို့နောက် ဓားတစ်ချောင်းဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားများရေးဆွဲခြင်း၊ အမွှေးအမျှင်များကို ရိပ်ခြင်းနှင့် သူမ၏ မိန်းမကိုယ်အတွင်းသို့ အလုံးပုံစံ အဆောင်တစ်ခု (Talisman) ထည့်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ကို မလျော်မကန် ကိုင်တွယ်ခြင်းနှင့် ရိုင်းစိုင်းသော စကားများ ပြောဆိုခဲ့သည်။ နင်းက ထိုသို့ပြုလုပ်စဉ် စိတ်မသက်မသာ ဖြစ်ခဲ့သော်လည်း အောက်လမ်းနည်းဖြင့် ဒုက္ခပေးမည်ဟု ခြိမ်းခြောက်ခံရသဖြင့် ကြောက်လန့်ကာ ငြိမ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမကဲ့သို့ပင် အခြားအမျိုးသမီးများလည်း ကြုံတွေ့ခဲ့ရကြောင်း လူမှုကွန်ရက်တွင် သိရှိခဲ့ရသည်။
◾️ ရဲတပ်ဖွဲ့၏ အရေးယူဆောင်ရွက်မှု
နင်းနှင့် အခြားအမျိုးသမီးတစ်ဦးတို့ တိုင်ကြားအမှုဖွင့်ပြီးနောက် CIB ဒုတိယမင်းကြီး Pol. Maj. Gen. Charoonkiat က အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီး ၉ ဦးမှ ၁၀ ဦးခန့်အထိ ရှိနိုင်ကြောင်းနှင့် ကျန်ရှိသူများလည်း လာရောက်တိုင်ကြားရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ကျူးလွန်သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု (Indecent Assault) နှင့် လိမ်လည်မှု (Fraud) တို့ဖြင့် အမှုဖွင့်ရန် စစ်ဆေးနေပြီး ဘုရားကျောင်းဝန်းအတွင်း ထိုသို့ပြုလုပ်ခြင်းမှာ အခြားဥပဒေများကို ချိုးဖောက်ခြင်း ရှိမရှိကိုပါ စစ်ဆေးနေသည်ဟု သိရသည်။
ဖြစ်စဉ်တွင် ကူညီပေးသူ ဂျီရာဖန်က ၎င်း၏အမည်ကို ကျူးလွန်သူက လူမှုကွန်ရက်တွင် အလွဲသုံးစား ပြုလုပ်ခဲ့သည့်အတွက် ဒေါသထွက်မိကြောင်း ပြောကြားခဲ့သည်။ နစ်နာသူအချို့မှာ ကုသဆောင်အတွင်း တစ်ဦးတည်း ဝင်ရောက်ရပြီး သက်သေယူရန် အခွင့်အရေး မရှိသဖြင့် တရားမျှတမှု မရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
ထို့အပြင် ဂျီရာဖန်က “အောက်လမ်းအတတ် (Black Magic) ဆိုတာ တကယ်မရှိဘူး” ဟု ပြောကြားရင်း CIB အနေဖြင့် ကျူးလွန်သူကို ထိရောက်စွာ အရေးယူလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းကလည်း ပထုံဌာနီပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုမှ အသက် ၇၀ အရွယ် နာမည်ကြီး ဘုန်းကြီးတစ်ဦးက စီးပွားရေးကောင်းရန် ဆုတောင်းပေးစဉ် အမျိုးသမီးတစ်ဦး၏ ရင်သားကို ကိုင်တွယ်ခဲ့သဖြင့် တိုင်ကြားခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
Ref : The Thaiger
