◾️ လန်ဒန်တွင် ၁၇ နှစ်ကြာ ပြည်နှင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်းဇနီးမောင်နှံ၏သားတာရစ်ခ် ရာမန်က ဝန်ကြီးချုပ်အသစ်ဖြစ်လာမည်
သတိုး
၁၃. ၂. ၂၀၂၆
ဗြိတိန်နိုင်ငံမှ အလုပ်သမားပါတီ၏ လွှတ်တော်အမတ် Tulip Siddiq ၏ အဒေါ်ဖြစ်သူ ရှိတ်ခ် ဟာစီနာ (Sheikh Hasina) ၏ ၁၅ နှစ်ကြာ တစ်ပါတီအုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် ကျင်းပသည့် ရွေးကောက်ပွဲတွင် တာရစ်ခ် ရာမန် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) က အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ မဲရလဒ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုနေဆဲ ဖြစ်သော်လည်း လက်ရှိအချိန်တွင် BNP ပါတီက မဲဆန္ဒနယ် ၂၉၉ နေရာအနက် အနည်းဆုံး ၁၈၁ နေရာတွင် အနိုင်ရရှိထားသည်။ ထို့အတူ BNP ပါတီ၏ မဟာမိတ်ဖြစ်သော Jamaat-e-Islami ပါတီက ၆၁ နေရာ အနိုင်ရရှိထားသည်။ Jamaat-e-Islami ပါတီကို ဟာစီနာအား ဖြုတ်ချရာတွင် အဓိကကျခဲ့သည့် လူငယ်တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသော National Citizens Party (NCP) က ထောက်ခံပေးထားခြင်းဖြစ်သည်။
BNP ပါတီသည် ကြာသပတေးနေ့က ကျင်းပခဲ့သော သမိုင်းဝင်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။ သို့သော် အောင်ပွဲခံသည့် လူထုလှုပ်ရှားမှုများ ပြုလုပ်မည့်အစား ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့သော ပါတီခေါင်းဆောင်ဟောင်း (တာရစ်ခ်ရာမန်၏ မိခင်) ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) အတွက် ကောင်းမှုကုသိုလ်ပြု ဆုတောင်းပွဲများကိုသာ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးကြသည့် ဖခင်ဖြစ်သူ ဇီယာအာရာမန်နှင့် မိခင်ဖြစ်သူ ခါလီဒါဇီယာတို့၏သား၊ အသက် ၆၀ အရွယ်ရှိ တာရစ်ခ် ရာမန်သည် နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်ပသို့ တိမ်းရှောင်နေထိုင်ခဲ့ရာမှ လန်ဒန်တွင် ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် မိခင်ဖြစ်သူ မကွယ်လွန်မီ ရက်ပိုင်းအလိုတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးစနစ် ပြန်လည်တည်ဆောက်ရေးတို့အပြင် လူဦးရေ၏ ထက်ဝက်ရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် ကတိပြုထားသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၂၇ သန်းနီးပါးရှိပြီး နိုင်သူအကုန်ယူ (FPTP) စနစ်ဖြင့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၅၀ နေရာအနက် တိုက်ရိုက်ရွေးချယ်ရမည့် ၃၀၀ တွင် ယခုရွေးကောက်ပွဲ ကျင်းပသည့် ၂၉၉ နေရာကို အရင်ရွေးချယ်ပြီး၊ ကျန် ၅၀ နေရာမှာ အမျိုးသမီးများအတွက် သီးသန့်ဖြစ်ကာ ပါတီများ၏ အနိုင်ရမှုအချိုးအစားအလိုက် ခွဲဝေပေးမည်ဖြစ်သည်။
ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မူဟာမတ် ယူနွတ်စ် (Muhammad Yunus) က “ယနေ့သည် ဘင်္ဂလားဒေ့ရှ်အသစ်၏ မွေးနေ့ဖြစ်သည်” ဟု ဆိုသော်လည်း Jamaat-e-Islami ပါတီကမူ မဲရလဒ်အချို့အပေါ် သံသယရှိကြောင်းနှင့် မဲမသမာမှုများ ရှိနိုင်ကြောင်း ဝေဖန်ပြောဆိုထားသည်။
အမေရိကန် သံအမတ်ကြီး Brent Christensen ကမူ BNP ပါတီနှင့် တာရစ်ခ် ရာမန်ကို ဂုဏ်ပြုကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နိုင်ငံရေးလေ့လာဆန်းစစ်သူ Saleem Samad ကမူ BNP ၏ အဓိကစိန်ခေါ်မှုမှာ “အုပ်ချုပ်ရေးကောင်းမွန်မှု” ဖြစ်ပြီး အတိတ်က ပုံရိပ်ဟောင်းများကို ပြုပြင်ကာ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လ လူထုအုံကြွမှုအတွင်း လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ရမှုအတွက် တာဝန်ရှိသည်ဟုဆိုကာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် သေဒဏ်ချမှတ်ထားသည်။ သူမသည် လက်ရှိတွင် အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။
Ref : Telegraph
