၁၃.၂.၂၀၂၆
Written by NYL
Online ကျွဲဂိမ်းကစားပြီး သိန်း ၃၀ အကြွေးတင်ရာမှ နေအိမ်အပေါင်ဆုံးတော့မည့် မအူပင်မြို့နယ်နေ အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်သူများအား မူဆယ်ခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၀ ရက်တွင် လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေးဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးသဖြင့် နေအိမ်အပေါင်ဆုံးတော့မည်ဖြစ်၍ အလုပ်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ အလုပ်ရှာဖွေရာမှ မူဆယ်မြို့တွင်နေထိုင်သည့် မချိုမာစိန်(ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နှင့် ချိတ်ဆက်မိပြီး တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမည်၊ တစ်နှစ်ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ မူဆယ်မြို့သို့လာရောက်ရန် လမ်းခရီးစရိတ်များထုတ်ပေး၍ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မူဆယ်မြို့သို့ရောက်သောအခါ ၎င်းအမျိုးသမီးကို ဓာတ်ပုံ/ဗီဒီယိုများရိုက်ကူး၍ တရုတ်နိုင်ငံ ရွှေလီမြို့နေ ပွဲစား ဂျာဆိုင်(ခ)ကချင်မထံပို့ပေးခဲ့ပြီး မူဆယ်မြို့၊ ဗဟိုဆေးရုံတွင် ဆေးစစ်ပေးခဲ့ရာ ၎င်းအမျိုးသမီးက တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကြောင်း မချိုမာစိန် (ခ)မဗိုက်ကိုပြောခဲ့ရာ တရုတ်ယောက်ျားမယူပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့နေပွဲစား ဂျာဆိုင်(ခ) ကချင်မထံ ပို့ဆောင်ရန်စီစဉ်ပြီးဖြစ်ကြောင်း ပြန်ပြောခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအမျိုးသမီးသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၇)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း (ပ)၁၉၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၀ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မချိုမာစိန်(ခ)မဗိုက်နှင့် မဇင်နွယ်လတ် (ခ)မဇင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် တရားခံ ဂျာဆိုင်(ခ)ကချင်မကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
