၁၃ .၂ .၂၀၂၆
Written by Thiri
မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ အချိန်ခန့်က မွန်ပြည်နယ်၊ ရန်ကုန်–မော်လမြိုင် ဟိုင်းဝေးလမ်းမကြီးပေါ်မှာရပ်ထားတဲ့ ထွန်စက်တွဲတစ်စီးရဲ့ နောက်ပိုင်းကို လူသုံးယောက်စီးလာတဲ့ဆိုင်ကယ်က ဝင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မွန်ပြည်နယ် ၊ ရန်ကုန်- မော်လမြိုင်လမ်းမကြီးပေါ်၊ သုဝဏ္ဏဝတီမြို့အဝင်နားရှိ ငါးပိရုံအရှေ့မှာ စက်ချို့ယွင်းနေလို့ ရပ်တန့်ထားတဲ့ ထွန်စက်တွဲယာဥ်တစ်စီးကို သထုံဘက်ကနေ သုဝဏ္ဏဝတီမြို့ဆီ အမျိုးသားတစ်ဦး အမျိုးသမီးနှစ်ဦး သုံးယောက်စီးကာ မောင်းနှင်လာတဲ့ ဆိုင်ကယ်က နောက်ကနေ အရှိန်နဲ့ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်မင်းသိန်း၊ အသက် – ၆၂ နှစ်၊ တောင်ကြားကျေးရွာ၊ သထုံမြို့ နေသူမှာ နေရာတင် သေဆုံးခဲ့ပြီး အလယ်ကနေ စီးနင်းသူ မစိုးအေး၊ အသက် ၄၂ နှစ်၊ တောင်ကြားကျေးရွာ၊ သထုံမြို့နေသူမှာ အနီရောင်အဆင့် အခြေအနေနဲ့ ဆေးရုံအရောက်သေဆုံးခဲ့ပြီး နောက်ဆုံးကစီးလာသူ မမိအေး၊ အသက် ၅၃ နှစ်၊ တောင်ကြားကျေးရွာ၊ သထုံမြို့နေသူမှာ ညာခြေဖဝါး ကွဲ (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့တယ်လို့ ပီတိနှလုံးသား (RESCUE) လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းထံကနေ သိရပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး ဖြစ်စဉ်နေရာကနေ သိမ်ဆိပ်ဆေးရုံဆီ သထုံမြို့ခံ လူမှုကူညီရေး အသင်းတွေက ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
