၁၃.၂.၂၀၂၆
Written by KL
ထရံလက်တန်းပေါ် ဆေးလိပ်တိုထားခဲ့ရာမှ လူနေအိမ်လေးလုံးမီးလောင်ဆုံးရှုံးမှု ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉) ကမ်းနားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဥ်မှာ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းတစ်ထပ်နေအိမ်တစ်လုံး၏ ထရံလက်တန်းပေါ်သို့ ဆေးလိပ်တို မီးမငြှိမ်းဘဲ တင်ထားရာမှ အနီးရှိ မိုးကာပေါ်သို့ ကျရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မိနစ် ၃၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နေအိမ်သုံးလုံးနှင့် သွပ်မိုး၊ ထရံကာ ကွန်ကရစ်ခင်းနေအိမ်တစ်လုံး စုစုပေါင်း နေအိမ်လေးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ရေသယ်ယာဥ် ငါးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်လေးလုံး မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသောနေအိမ်မှ အိမ်ရှင် အသက် ၅၈ နှစ်အရွယ် ဦးဒေါင်ဟောင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနား နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
