သတိုး
၁၃. ၂. ၂၀၂၆
ရုရှားနိုင်ငံ၏ ပြည်တွင်းဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် အမေရိကန်အခြေစိုက် WhatsApp မက်ဆင်ဂျာအက်ပ်ကို ရုရှားနိုင်ငံအတွင်း လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ အခြေပြုရာ ကရင်မလင်နန်းတော် (Kremlin) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံသားများအနေဖြင့် အစိုးရကျောထောက်နောက်ခံပြုထားသည့် အမျိုးသားသုံးမက်ဆင်ဂျာ “MAX” ကို ပြောင်းလဲအသုံးပြုကြရန် အကြံပြုထားသည်။ ဝေဖန်သူများကမူ MAX သည် အစိုးရ၏ ထောက်လှမ်းရေးကိရိယာတစ်ခုဖြစ်သည်ဟု ဆိုကြသော်လည်း အာဏာပိုင်များကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
Meta Platforms က ပိုင်ဆိုင်သော WhatsApp အက်ပ်သည် ရုရှားဥပဒေများကို လိုက်နာခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အပြီးတိုင်ပိတ်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ကရင်မလင်က ဆိုသည်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “ရုရှားဥပဒေတွေကို လိုက်နာဖို့ Meta ရဲ့ ဆန္ဒမရှိမှုကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းက ရုရှားနိုင်ငံသားများအနေဖြင့် ရုရှားပိုင် MAX အက်ပ်သို့ ပြောင်းလဲသုံးစွဲရန် တိုက်တွန်းခဲ့သည်။
Peskov က “MAX ဟာ ပြည်သူတွေအတွက် အလွယ်တကူရနိုင်တဲ့ အစားထိုးအက်ပ်တစ်ခုဖြစ်သလို ဖွံ့ဖြိုးတိုးတက်နေတဲ့ အမျိုးသားသုံး မက်ဆင်ဂျာတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ဝေဖန်သူများကမူ MAX အက်ပ်သည် သုံးစွဲသူများကို စောင့်ကြည့်ထောက်လှမ်းရန် အသုံးပြုမည့် ကိရိယာဖြစ်သည်ဟု ယူဆနေကြဆဲဖြစ်သည်။ ထို့အတူ WhatsApp ကလည်း ”ဒီနေ့မှာတော့ ရုရှားအစိုးရဟာ ပြည်သူတွေကို အစိုးရပိုင် ထောက်လှမ်းရေးအက်ပ်ဆီ မောင်းနှင်ဖို့အတွက် WhatsApp ကို အပြီးတိုင်ပိတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သုံးစွဲသူ သန်း ၁၀၀ ကျော်ကို သီးသန့်လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်ကနေ ခွဲထုတ်လိုက်တာဟာ နောက်ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ်ပြီး ရုရှားပြည်သူတွေအတွက် ပိုမိုဘေးမကင်းဖြစ်စေပါလိမ့်မယ်။”ဟု ထုတ်ပြန်ခဲ့သည်။
ယခုပိတ်ပင်မှုသည် အမေရိကန်ကုမ္ပဏီအပေါ် ၆ လကြာ ဖိအားပေးမှု၏ နောက်ဆုံးရလဒ်ဖြစ်သည်။ ရုရှားအစိုးရသည် စစ်ပွဲကာလအတွင်း နိုင်ငံခြားနည်းပညာကုမ္ပဏီများကို ၎င်းတို့၏ ပြည်တွင်းဥပဒေအောက်သို့ သွတ်သွင်းရန် သို့မဟုတ် ဖယ်ရှားပစ်ရန် ကြိုးပမ်းနေသည့် “အချုပ်အခြာအာဏာပိုင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံ” တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ယခုအခါ ရုရှားနိုင်ငံအတွင်း၌ WhatsApp နှင့် ဆက်စပ်နေသော ဒိုမိန်းအမည်အချို့ ပျောက်ကွယ်သွားပြီဖြစ်ရာ ရုရှားအတွင်းရှိ ဖုန်းများတွင် VPN (Virtual Private Network) မပါဘဲ WhatsApp ကို အသုံးပြု၍ မရတော့ပေ။
ရုရှားအာဏာပိုင်များသည် Snapchat, Facebook, Instagram နှင့် YouTube စသည့် လူမှုကွန်ရက်များကိုလည်း ပိတ်ပင်ထား သို့မဟုတ် ကန့်သတ်ထားသည်။
MAX အက်ပ်သည် အစိုးရဝန်ဆောင်မှုများကို ပေါင်းစပ်ထားသည့်အတွက် နိုင်ငံသားများ၏ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူကောင်းမွန်စေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ WhatsApp ကို ပိတ်ပင်ရခြင်းမှာ WhatsApp သည် လိမ်လည်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ အမှုအခင်းများတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် သတင်းအချက်အလက် မျှဝေခြင်းမရှိ၍ဟု အစိုးရက စွပ်စွဲထားသည်။
လက်ရှိတွင် ရုရှားနိုင်ငံသားအများအပြားသည် WhatsApp ကို VPN ဖြင့်သာ သုံးစွဲနေရပြီး၊ အချို့မှာ Telegram ကဲ့သို့သော အခြားအက်ပ်များသို့ ပြောင်းလဲသုံးစွဲနေကြသော်လည်း Telegram သည်ပင်လျှင် အလားတူအကြောင်းပြချက်များဖြင့် အစိုးရ၏ ဖိအားပေးမှုကို ခံနေရဆဲဖြစ်သည်။
Ref: FRANCE 24 with Reuters
