၁၂.၂.၂၀၂၆
Written by Thiri
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနဲ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ဒီနေ့မနက် အစောပိုင်းက ကျင်းပဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းတွေ နဲ့ MSME ဈေးရောင်းပွဲတော်ကိုလည်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။
ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြသ ရောင်းချနေတဲ့ အဆိုပါအရောင်းပွဲတော်မှာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေရှိ MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေ ပြသရောင်းချနေသလို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ပြခန်း၊ ကြက်ခြေနီ တပ်ဖွဲ့ ပြခန်း၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ တို့ကလည်း ပြခန်းတွေ အသီးသီးဖွင့်လှစ်ကာ လာရောက်လေ့လာတဲ့ အများပြည်သူကို အသိပညာမျှဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါအပြင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဆောက်လုပ်ရေး၊ လျှပ်စစ်၊ လမ်းတံတား စတာတွေအပြင် အမှိူက်ကနေ လျှပ်စစ် ထုတ်လုပ်မှုကဏ္ဍတွေကိုလည်း အများပြည်သူ သိရှိလေ့လာနိုင်အောင် ရှင်းလင်းပြသထားပါတယ်။
ပွဲတော်ကာလအတွင်း ပြည်သူ့ရင်ပြင်ကို လာရောက်လည်ပတ်တဲ့ ပြည်သူတွေအတွက် YBS ယာဉ်တွေ ရင်ပြင်ရှေ့ ရပ်တန့်နိုင်အောင် မှတ်တိုင်စီစဉ်ပေးထားသလို စတုဒိသာ ကျွေးမွေး လှူဒါန်းပွဲတွေနဲ့ ညနေပိုင်းမှာ ဂီတဖျော်ဖြေပွဲကိုလည်း ထည့်သွင်းထားပြီး အနုပညာရှင်တွေက သီဆိုဖျော်ဖြေတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အခု ပွဲတော်ကိုတော့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ လေးရက်ကြာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
