









၁၂.၂.၂၀၂၆
Photo by NYL
ရက်ထပ်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မြင်ကွင်းများကို ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တွေ့မြင်ရသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၊ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ကျင်းပရန် လျာထားသော်လည်း ယခုအခါ တစ်ရက်ထပ်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်အတွင်းတာဝန်ရှိသူများထံမှ သိရသည်။
MSME ပြပွဲရက်များအတွင်း ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး အနုပညာရှင်၊ တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း သိရသည်။
သို့သော် ဖျော်ဖြေမှုအစီအစဉ်များကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပြည်ထောင်စုဝန်ကြီးဌာန ပြခန်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းပြခန်းများ၊ ပြင်ပကုမ္ပဏီ ၂၉ ခုက ဝင်ရောက်ပြသသည့်ပြခန်းများ စုစုပေါင်းပြခန်း ၁၂၀ ကျော်၌ အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။
