သတိုး
၁၂. ၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ရှိ ပထုန်ပရာသန်ကီရိဝပ် (Patongprathankiriwat) ကျောင်း၏ Facebook စာမျက်နှာတွင် ကွယ်လွန်သူ ကျောင်းအုပ်ဆရာမကြီး မစ္စစစီပတ် ဆင်ဆာမိုဆွန် (Sasipat Sinsamosorn) ၏ ဓာတ်ပုံနှင့်အတူ သူမကွယ်လွန်သွားခြင်းအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းစကားကို ယနေ့တွင် (ဖေဖော်ဝါရီ ၁၂ ရက်) အသိပေး တင်ပြခဲ့သည်။
မိမိ၏ကျောင်းသားများကို ကာကွယ်ပေးရင်း လက်နက်ကိုင်ဆောင်ထားသည့် ဆယ်ကျော်သက်တစ်ဦး၏ ပစ်ခတ်မှုကို ခံခဲ့ရသော ဟတ်ယိုင်ကျောင်းအုပ်ဆရာမကြီးသည် ရရှိထားသော ပြင်းထန်ဒဏ်ရာများကြောင့် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အသက် ၅၄ နှစ်အရွယ်ရှိ ဆရာမကြီး စစီပတ်သည် သွေးထွက်လွန်ခြင်းနှင့် အတွင်းအင်္ဂါများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ကြာသပတေးနေ့ နံနက် ၂ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဟတ်ယိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝီရုတ် ယွမ်မောင် (Dr Wirote Yommuang) က ပြောကြားခဲ့သည်။
ဆရာမကြီးသည် ရင်ဘတ်၏ ဘယ်ဘက်ခြမ်းတွင် သေနတ်ကျည်ဆန် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်သည် ညာဘက်သို့ ဖောက်ထွက်ကာ အောက်ဘက်သို့ ဆင်းသွားခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ရှင်းပြသည်။
◾ ဆရာမကြီး၏ ပေးဆပ်မှုဖြစ်စဥ်
ယမန်နေ့ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ပထုန်ပရာသန်ကီရိဝပ်ကျောင်းသို့ ခိုးယူလာသော သေနတ်တစ်လက်ဖြင့် ရောက်ရှိလာသည့် စိတ်ကျန်းမာရေး မူမမှန်သော အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး၏ရန်မှ ကျောင်းသားများကို ကာကွယ်ရန် ကြိုးပမ်းစဉ် ဆရာမကြီး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
သတင်းများအရ သူမသည် ကျောင်းသားများကို လွှတ်ပေးရန်အတွက် သူမကိုယ်တိုင် ဓားစာခံအဖြစ် အလဲအလှယ်လုပ်ကာ ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
ကွယ်လွန်သူ ဆရာမကြီးသည် ပညာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master’s degree in educational administration) ရရှိထားသူဖြစ်ပြီး ဆောင်ခလာခရိုင်အတွင်းရှိ အခြားကျောင်းသုံးကျောင်းတွင်လည်း ဒုတိယကျောင်းအုပ်နှင့် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။




◾ စိတ်မူမမှန်တဲ့ တိုက်ခိုက်သူ
တိုက်ခိုက်သူမှာ ထိုကျောင်းတည်ရှိရာ ပထုန်ဒေသခံတစ်ဦးဖြစ်သည်။ ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်နွှယ်သော စိတ်ဝေဒနာကြောင့် ဆောင်ခလာ ရာဇနာဂရင်ဒရာ စိတ်ကျန်းမာရေးဆေးရုံ (Songkhla Rajanagarindra Psychiatric Hospital) တွင် ဆေးကုသမှုခံယူပြီးနောက် မကြာသေးမီကမှ ဆေးရုံက ဆင်းခွင့်ရရှိထားသူ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုမဖြစ်ပွားမီ အဆိုပါလူငယ်သည် ရပ်ကွက်အတွင်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရသည်။ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင် ကင်းလှည့်ရဲနှစ်ဦးနှင့် ကျေးရွာလူကြီးတစ်ဦးတို့ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာ ၎င်းက ဓားရှည်တစ်လက်ဖြင့် ရဲအရာရှိများကို ခြိမ်းခြောက်ခဲ့ပြီး ၎င်းတို့နောက်သို့ လိုက်လံတိုက်ခိုက်ကာ ရဲကင်းလှည့်ယာဉ်ပေါ်မှ SIG MPX စက်သေနတ်ငယ် (Submachine gun) ကို ခိုးယူသွားခဲ့သည်။
ညနေ ၄ နာရီ ၄၅ မိနစ်တွင် လက်နက်ကိုင်ထားသော အဆိုပါလူငယ်သည် မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဆရာမကြီး စစီပတ်ကို ပစ်ခတ်ခဲ့ပြီး ဆရာအချို့နှင့် ကျောင်းသားအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ၎င်းက ဆရာတစ်ဦးနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
◾ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း
ထိုကျောင်းတွင်ပင် ကျောင်းတက်နေသည့် တိုက်ခိုက်သူ၏ ညီမဖြစ်သူက လက်နက်ချရန် ဖျောင်းဖျခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ညနေ ၆ နာရီ ၃၀ မိနစ်၌ အပြင်ဘက်တွင် ဝိုင်းရံထားသော အထူးရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ပြီး ၎င်းကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
တိုက်ခိုက်သူသည် နားရွက်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ဤဖြစ်စဉ်အတွင်း ၎င်းသည် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကိုလည်း ပစ်ခတ်ခဲ့သဖြင့် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ် အခြားလူငယ်တစ်ဦးမှာ ကျောင်းဆောင်ဒုတိယထပ်မှ ခုန်ချစဉ် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်။
◾ လက်ရှိအခြေအနေ
ပထုန်ပရာသန်ကီရိဝပ်ကျောင်းကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ကျောင်းသားများနှင့် ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများ ပြုလုပ်ရန်အတွက်လည်းကောင်း ကြာသပတေးနှင့် သောကြာနေ့တို့တွင် ပိတ်ထားမည်ဖြစ်သည်။
ကျောင်း၏ Facebook စာမျက်နှာတွင် “ကျွန်ုပ်တို့သည် ဆရာမကြီးကို ဆုံးရှုံးလိုက်ရသော်လည်း ဆရာမကြီး ချန်ထားရစ်ခဲ့သည့် အမှတ်တရများနှင့် ကောင်းမှုမြတ်နိုးဖွယ်ရာများသည် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ထာဝရ ကိန်းအောင်းနေမည်ဖြစ်သည်” ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဖော်ပြထားသည်။
Ref: Bangkok Post
