နေမိုး
၁၂. ၂. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် ဇနီးမောင်နှံကို သတင်းပေးဟု သမုတ်ကာ PDF များက ပစ်ခတ်သတ်ဖြတ်မှု ဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် နံနက် ၃ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ ဦးအောင်ကိုကို(၃၁)နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ မသော်တာစန်း(၁၉)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့် ရောက်ရှိလာပြီး “သတင်းပေးများ” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးအောင်ကိုကိုတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မသော်တာစန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ချောင်းကောက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
