သက်တံ့
၁၃. ၂. ၂၀၂၆
မဒါဂတ်စကာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့သို့ ယခုသီတင်းပတ်အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း ဂီဇာနီ (Gezani) ကြောင့် သေဆုံးသူ ၄၀ နီးပါးရှိလာပြီး လူပေါင်း ၁၂,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံကလည်း မုန်တိုင်းဝင်ရောက်လာမည့်အရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရသည်။
မဒါဂတ်စကာ အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNGRC) ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၈ ဦး ရှိပြီဖြစ်ကြောင်း အတည်ပြုထားသည်။ ထို့အပြင် လူ ၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အနည်းဆုံး ၃၇၄ ဦး ဒဏ်ရာရရှိခဲ့သည်။
◾️ မုန်တိုင်းအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများ
ဆိုင်ကလုန်း ဂီဇာနီသည် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) က မဒါဂတ်စကာအရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သော တိုမာစီနာ (Toamasina) သို့ တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိသော လေပြင်းများနှင့်အတူ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
မဒါဂတ်စကာ ခေါင်းဆောင်သစ် ကာနယ် မိုက်ကယ် ရန်ဒရီယာနီရီနာ (Colonel Michael Randrianirina) က ဂီဇာနီ၏ဘေးရန်ကို အမျိုးသားအဆင့် သဘာ၀ဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများကို တောင်းဆိုထားသည်။ ထို့အပြင် ၎င်းက တိုမာစီနာမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂီဇာနီကြောင့် အိမ်ခြေ ၁၈,၀၀၀ ကျော် လုံးဝပျက်စီးသွားပြီး အခြားအိမ်ခြေ ၅၀,၀၀၀ ခန့် မှာလည်း ရေကြီးခြင်း သို့မဟုတ် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ သေဆုံးသူအများစုမှာ အဆောက်အအုံများ ပြိုကျမှုကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုမာစီနာမြို့နှင့် မြို့တော် အန်တာနာနာရီဗိုကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးမှာ နေရာအနှံ့ ပျက်စီးနေသဖြင့် ကယ်ဆယ်ရေးယာဉ်တန်းများ သွားလာရန် အခက်တွေ့နေပြီး ဆက်သွယ်ရေးစနစ်များလည်း ပြတ်တောက်နေသည်။
◾️ နိုင်ငံတကာ အကူအညီ
ပြင်သစ်နိုင်ငံက ကီလိုမီတာ ၁,၀၀၀ ခန့် ဝေးကွာသော ရီယူနီယံကျွန်း (Reunion Island) မှတစ်ဆင့် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်မည်ဟု ကြေညာထားသည်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က မြေပြင်တွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် လူမှုဘဝ အနှောင့်အယှက်များ ဖြစ်ပေါ်နေကြောင်း အစီရင်ခံထားပြီး အကူအညီများပေးရန် ပြင်ဆင်လျက်ရှိသည်။ သို့သော်လည်း တိုမာစီနာမြို့နှင့် မြို့တော်ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးမှာ နေရာအနှံ့ ပြတ်တောက်နေသဖြင့် IOM ၏ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးယာဉ်တန်းများ မြေပြင်သို့ရောက်ရှိရန် ပိတ်ဆို့နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်။
ယခုမုန်တိုင်းသည် ၁၉၉၄ ခုနှစ်က လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည့် ဂျရယ်ဒါ (Geralda) မုန်တိုင်းပြီးနောက် အဆိုပါဒေသတွင် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုအဖြစ် စံချိန်တင်ဖွယ် ရှိနေသည်။
◾️ မိုဇမ်ဘစ်နိုင်ငံသို့ ဦးတည်နေမှု
ဂီဇာနီမုန်တိုင်းသည် မဒါဂတ်စကာကျွန်းကို ဖြတ်ကျော်ပြီးနောက် အားပျော့သွားသော်လည်း မိုဇမ်ဘစ်ရေလက်ကြားသို့ ရောက်ရှိချိန်တွင် ဆိုင်ကလုန်းအဆင့်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသဌာနများက ခန့်မှန်းထားသည်။
မိုဇမ်ဘစ်အာဏာပိုင်များက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) တွင် သတိပေးချက်များ ထုတ်ပြန်ထားပြီး မုန်တိုင်းကြောင့် လေပြင်းများတိုက်ခတ်ခြင်းနှင့် ၁၀ မီတာ (၃၃ ပေ) ခန့် မြင့်သော လှိုင်းကြီးမှုများ ဖြစ်ပေါ်နိုင်သဖြင့် မုန်တိုင်းဒဏ်သင့်မည့် နေရာများမှ ပြည်သူများ အမြန်ဆုံး ဖယ်ရှားကြရန် တိုက်တွန်းထားသည်။
မဒါဂတ်စကာနှင့် မိုဇမ်ဘစ်နိုင်ငံတို့သည် အိန္ဒိယသမုဒ္ဒရာမှ ဝင်ရောက်လာသော မုန်တိုင်းဒဏ်ကို အမြဲမပြတ် ခံစားနေရသည့် နိုင်ငံများဖြစ်ပြီး၊ ပြီးခဲ့သည့် လကလည်း မဒါဂတ်စကာတွင် ဖိုင်တီယာ (Fytia) မုန်တိုင်းကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ဖူးသည်။ မိုဇမ်ဘစ်နိုင်ငံတွင်လည်း အောက်တိုဘာလကတည်းက ရေကြီးမှုများကြောင့် လူပေါင်း ၁၄၀ နီးပါး သေဆုံးထားပြီး ဖြစ်သည်။
