
၁၂. ၂. ၂၀၂၆
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ဆယ်လကျော်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၃၆ သန်းနှင့် ဇန်ဝါရီလတွင် ဒေါ်လာ ၉၅ သန်း ထုတ်ရောင်းပေးထားသည်။
ယခုဖေဖော်ဝါရီလအတွက် ထပ်မံ ထုတ်ရောင်းပေးမှုအပါအဝင် နှစ်ကြိမ်ထုတ်ရောင်းပေးမှုမှာ ဒေါ်လာ ၅၈ သန်း ထုတ်ရောင်းပေးထား၍ ယခုဘဏ္ဍာနှစ် ဆယ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၂၀၈ သန်း (၁ ဒသမ ၂၀၈ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂,၄၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂,၇၄၀ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် ဓာတ်ဆီတစ်လီတာ ၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၈၀ ကျပ် မြင့်တက်ခဲ့သည်။
