◾ နယ်မြေဒေသအချို့တွင် မတည်ငြိမ်မှုများ ဖြစ်ပွား၍ ဒေသခံတိုင်းရင်းသားများ လူမှုစီးပွားဘဝနိမ့်ကျမှု၊ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့လျက်ရှိသလို ဤဖြစ်စဉ်များကြောင့် လူမှုစီးပွားဘဝများ ကျဆင်းလာပြီး ပြည်သူများ ဆင်းရဲဒုက္ခကြီးမားလာသည်ကို အထူးသတိချပ်ရမည်ဖြစ်
◾ ဆန္ဒမဲပေးခဲ့ကြသူများနှင့် ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသူအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိပြီး မကြာမီကျင်းပမည့် လွှတ်တော်များ၊ အစည်းအဝေးများမှ ပေါ်ထွက်လာသော အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်





၁၂.၂.၂၀၂၆
Written by Nay Yaung Lin
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်ရှိ၊ မြို့တော်ခန်းမရှေ့ ရင်ပြင်တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၇ နာရီက ကျင်းပခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်ဝန်ကြီးချုပ်ကို အလေးပြုခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြောင်း၊ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်ယာယီသမ္မတက “တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးပင် ဖြစ်ပါသည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို ပျက်ပြားအောင် အဆိုပါဒေသရှိ အကြမ်းဖက်သမားများကသာ ဆောင်ရွက်နေကြခြင် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများက လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းထောင် ဖောက်ခွဲခြင်း၊ ပိတ်ဆို့တားဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံများ မီးရှို့ ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့် ပယောဂများ လုပ်ဆောင်မှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ ပညာသင်ယူမှုအခွင့်အလမ်းများ ဆုံးရှုံးခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်းတို့ကို ကြုံတွေ့နေရပါသည်။ နယ်မြေဒေသအချို့တွင် မတည်ငြိမ်မှုများ ဖြစ်ပွား၍ ဒေသခံတိုင်းရင်းသားများသည် လူမှုစီးပွားဘဝနိမ့်ကျမှု၊ အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ကြုံတွေ့လျက်ရှိပါသည်။ ဤဖြစ်စဉ်များကြောင့် လူမှုစီးပွားဘဝများ ကျဆင်းလာပြီး ပြည်သူများ ဆင်းရဲဒုက္ခကြီးမားလာသည်ကို အထူးသတိချပ်ရမည်ဖြစ်ပါသည် ” ဟု ထည့်သွင်း ပြောကြားခဲ့သည်။





ဆက်လက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်စိုးသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော အာဏာခက်မသုံးဖြာသည် အမိနိုင်ငံတော်မှ ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့အတွက် အဓိကထားဆောင်ကြဉ်းပေးလျက်ရှိကြောင်း နိုင်ငံတော် ယာယီသမ္မတက၏ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ထို့ပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူများနှင့် လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်း အင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီ ပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၏ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက် ဖတ်ကြားခဲ့သည်။
ယင်းနောက် ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေမည်ဖြစ်ပြီး တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေပါမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားလူမျိုး များအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြီးဖြစ်ပါကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ကိုကျေပွန်စွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြသူအားလုံးနှင့် ရွေးကောက်ပွဲ အောင်မြင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးတို့အား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီကျင်းပမည့် လွှတ်တော်များ၊ အစည်းအဝေးများမှ ပေါ်ထွက်လာသော အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်ပေးသွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာတွင် တစ်ဦးနှင့် တစ်ဦး သဘောထားကွဲလွဲမှုများရှိသော်လည်း “စည်းလုံးခြင်းသည် အင်အား၊ ညီညွတ်ခြင်းသည်စွမ်းအား၊ ငြိမ်းချမ်းခြင်းသည် အလှတရား” ဆိုသည့်အတိုင်း နိုင်ငံသားတိုင်းသည် ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ဖြင့် လက်တွဲကြိုးပမ်းမှသာ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း နိုင်ငံတော်ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
