◾ ပစ်ခတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကနဦးဖော်ပြ
သက်တံ့
၁၁. ၂. ၂၀၂၆
ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ် (British Columbia) ရှိ တမ်ဘလာရစ်ချ် (Tumbler Ridge) မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် အစုလိုက် အပြုံလိုက် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြားသူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကနေဒါတော်ဝင်မြင်းစီးရဲတပ်ဖွဲ့ (RCMP) က ထုတ်ပြန်ခဲ့သည်။
ကနေဒါအခြေစိုက် CBC ရုပ်သံသတင်းဌာန၏ ဖော်ပြချက်အရ တမ်ဘလာရစ်ချ်မြို့ရှိ အဆိုပါအထက်တန်းကျောင်းအတွင်း၌ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်အတွင်း လူ ၆ ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အတွင်း ကျောင်းသားအနည်းဆုံး ခုနစ်ဦး ပါဝင်သေဆုံးကြောင်း သတင်းအချို့က ဖော်ပြနေသော်လည်း ပစ်ခတ်သူနှင့် သေဆုံးသူများမှာ ကျောင်းသား သို့မဟုတ် ဆရာ ဖြစ်သည်ကို တိကျသော အမည်နာမ ခွဲခြားထုတ်ပြန်လာခြင်း မရှိသေးပေ။

ထို့အပြင် အဆိုပါပစ်ခတ်မှုနှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆရသော နေအိမ်တစ်လုံးတွင်လည်း အခြားလူ ၂ ဦးကို သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ကြောင်း CBC က ထပ်လောင်းဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်မှာ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ Grade 7 မှ Grade 12 အထိ ကျောင်းသားများ တက်ရောက်နေသော တမ်ဘလာရစ်ချ် အထက်တန်းကျောင်း (Tumbler Ridge Secondary School) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေနတ်သမားဟု ယူဆရသူမှာလည်း မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ယူဆရသော ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု RCMP က ပြောကြားခဲ့သည်။
“ဒဏ်ရာပြင်းထန်တဲ့ သို့မဟုတ် အသက်အန္တရာယ်ရှိနိုင်တဲ့ ဒဏ်ရာရရှိသူ ၂ ဦးကို ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ အခြားလူ ၂၅ ဦးခန့်ကိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေအတွက် ဒေသတွင်းဆေးဘက်ဆိုင်ရာစင်တာမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်” ဟု RCMP က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျန်ရှိနေတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ။ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်မယ့် လုပ်ငန်းစဉ်တွေ စနစ်တကျဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကျောင်းခရိုင်အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ထပ်လောင်းဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ ကနဦးဖော်ပြချက်အရ ပစ်ခတ်မှု၏ သံသယရှိသူမှာ ဆံပင်အညိုရောင်ရှိပြီး ဂါဝန်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် တမ်ဘလာရစ်ချ် အထက်တန်းကျောင်းနှင့် မူလတန်းကျောင်း နှစ်ခုစလုံးကို အသွားအလာ ပိတ်ဆို့ကန့်သတ် (Lockdown) ထားခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကျောင်းသားများကို မိသားစုများထံ ပြန်လည်အပ်နှံနိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ကူညီထောက်ပံ့ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒေသခံတာဝန်ရှိသူများက မြို့သူမြို့သားများမှာ တုန်လှုပ်ခြောက်ခြားပြီး ဝမ်းနည်းပူဆွေးနေကြကြောင်း ပြောကြားခဲ့သလို ယခုဖြစ်စဉ်သည် လူဦးရေနည်းပါးသော အဆိုပါမြို့လေးအတွက် အလွန်တရာ စိတ်နှလုံးထိခိုက်ဖွယ်ရာ အဖြစ်ဆိုးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် ဒေသခံများအနေဖြင့် တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။
Ref: Al Jazeera & Canadian Gothic
