၁၁.၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၅၃ လမ်းရှိ နှစ်ခန်းတွဲ သုံးထပ်တိုက်၏ မြေညီထပ်တိုက်ခန်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီ ၅၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ အင်ဗာတာ ဘတ္ထရီ (ဘက်ထရီ)အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
“အင်ဗာတာဘတ္ထရီကို အားသွင်းရာကနေ အပူလွန်လို့ မီးပွားထွက်ပြီး စာအုပ်တွေအပေါ် မီးပွားကျလို့ မီး စလောင်တာလို့ သိရတယ်။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုမှာ မြေညီထပ်တိုက်ခန်း၏ ထပ်ခိုးတွင် ဖြစ်ပွားခဲ့ပြီး ၂၇ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အထပ်သား၊ စာအုပ်များ၊ ဘတ္ထရီတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၄ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မြေညီထပ်ထပ်ခိုးတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဗိုလ်တထောင်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဓနဲရိကျေးရွာတွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဥ်ခင်းနေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
