၁၀.၂.၂၀၂၆
Written by Linn Eain





မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားပေါ်တွင် လမ်းလျှောက်ခြင်းနှင့် ယာဉ်ရပ်နားခြင်း မပြုလုပ်ရန် စည်းကမ်းချက်များသတ်မှတ်ထားပြီး လမ်းလျှောက်တက်ရမည့် လှေကားနေရာများတွင်လည်း သတိပေးစာများကပ်ထားကြောင်း သိရသည်။
ထို့ပြင် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)က စတင်၍ ဒလမြို့နယ်ရှိ လမ်းအသုံးပြုခကောက်ခံရေးဂိတ်တွင် ကွန်ပျူတာများ၊ မောင်းတံစက်များ စမ်းသပ်ခဲ့ပြီး ရန်ကုန်မြို့ဘက်မှလာသော ယာဉ်များအသွားအလာများသဖြင့် ယာဉ်လမ်းကြောင်းစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ဒလတံတားပေါ် လိုက်နာရမည့် စည်းကမ်းများတွင် ယာဉ်မရပ်ရန်၊ ယာဉ်များကျော်မတက်ရန်၊ လမ်းမလျှောက်ရန်၊ စက်ဘီးမစီးရန်၊ အမှိုက်မပစ်ရန်၊ ကွမ်းတံတွေးမထွေးရန်တို့ဖြစ်ကြောင်း သိရသည်။





ရန်ကုန်-ဒလတံတားအသုံးပြုခ ကောက်ခံမှုကို ဒလဘက်ခြမ်းရှ်ိ တံတားတိုးဂိတ်တွင်သာ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင် ကောက်ခံမည်ဖြစ်ပြီး တံတားကို ဖြတ်သန်းခွင့်ပြုသည့်အချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီအထိသာ အခမဲ့ဖြတ်သန်းခွင့်ရမည်ဖြစ်သည်။
ထိုသို့ တံတားအသုံးပြုမှု ယာဉ်ဖြတ်သန်းခကို ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည်ဖြစ်ပြီး အိမ်စီးကား(၃)တန်အောက်တစ်စီး ကျပ် ၅၀၀၊ ခရီးသည်တင်ယာဉ်(ငယ်)တစ်စီး ကျပ် ၁၀၀၀၊ ခရီးသည်တင်ယာဉ်(အလတ်)နှင့် ခရီးသည်တင်ယာဉ်(အကြီး) တစ်စီးကို ကျပ် ၂၀၀၀ အသီးသီးကောက်ခံသွားမည်ဖြစ်သည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားသည် စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်၊ တံတားအမြင့်မှာ မီတာ ၇၀ ကျော်ရှိကြောင်း သိရသည်။
