◾️ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး နိုင်ငံကိုဦးဆောင်မည့် ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးကြရန်ပါ အလေးအနက်တိုက်တွန်း ပြောကြား






၁၀. ၂. ၂၀၂၆
Written by Nyein Kyaw
Naypyitaw State Academy ၏ ခန့်ညားထည်ဝါသည့် ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နောင်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အဆင့်မီထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ယခုဘွဲနှင်းသဘင်ခန်းမ အဆောက်အအုံဒီဇိုင်းများကို မဲစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရွေးချယ်စေခဲ့ပြီး ရွေးချယ်မှု မဲအများဆုံးရရှိသည့် ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်းသည် ယခုဘွဲ့နှင်းသဘင်ခန်းမကြီး၏ ထူးခြားချက်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သိုသော ဆောင်ရွက်မှုများမှတစ်ဆင့် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကိုမြှင့်တင်ပေးကြရန်နှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ရရှိအောင် လေ့ကျင့်ပေးကြစေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များအပေါ်တွင် အဓိကမူတည်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်တို့နှင့်ပြည့်စုံပြီး အရည်အချင်းရှိသည့် ဘွဲ့ရပညာတတ်များ အရေအတွက်များစွာမွေးထုတ်ပေးရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပညာဟူသည်မှာ လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စိတ်ဓာတ်နှင့် ခံယူ ချက်များ မြင့်မားတိုးတက်စေနိုင်သည်ဖြစ်သဖြင့် နိုင်ငံ့အတွက်အရေးပါပြီး တန်ဖိုးကြီးမားသည့်အခြေခံအရည်အချင်းဖြစ်ကြောင်း၊ တက္ကသိုလ်ဟူသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်သည့် နည်းပညာအခြေပြု သုတေသနများ အစပြုဖော်ဆောင်ရာနေရာလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
Naypyitaw State Academy တွင် အရည်အသွေး ပြည့်ဝသည့် တက္ကသိုလ် ပညာရပ်များကို ဆည်းပူးခွင့်ရစေရေး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစား ကစားပညာမဟာဌာနဟူသည့် မဟာဌာနကြီး ၇ ခုနှင့် ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
စတင်ဖွင့်လှစ်စဉ်က အထူးပြုဘာသာရပ် ၁၂ ခုကို စတင်လက်ခံ သင်ကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်ဓာတုဗေဒ၊ နျူကလီးယားရူပဗေဒ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုပညာ၊ လူမှု့ရေးရာပညာ၊ သံတမန်ရေးရာ စသည့်ဘာသာရပ်များ အပါအဝင် အထူးပြုဘာသာရပ် ၂၄ ခုအထိ တိုးချဲ့ဖွင့်လှစ် သင်ကြားနိုင်ခဲ့ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
Naypyitaw State Academy ၏ ခန့်ညားထည်ဝါသည့် ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နောင်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အဆင့်မီထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ကျောင်းသားများကို အသိပညာ၊ အတတ်ပညာ၊ ကျင့်ဝတ်သိက္ခာပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသည့်၊ စိတ်ဓာတ်မြင့်မားသည့်၊ စည်းကမ်းပြည့်ဝသည့်၊ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် နိုင်ငံကိုဦးဆောင်မည့် ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
