





သက်တံ့
၁၀. ၂. ၂၀၂၆
ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် Louis Vuitton သည် ၎င်းတို့၏ အထင်ကရ Monogram ဒီဇိုင်း သက်တမ်း ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် LOUIS VUITTON HOTEL BANGKOK အထူးပြပွဲကို ထိုင်းနိုင်ငံတွင် မနက်ဖြန် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ဤနေရာသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော Pop-up (ယာယီ) အထူးပြပွဲနေရာလည်း ဖြစ်သည်။
ဘန်ကောက်တွင် ပြုလုပ်သည့် ဤပြပွဲသည် ရှန်ဟိုင်း၊ နယူးယောက်နှင့် ဆိုးလ်မြို့တို့တွင် ကျင်းပခဲ့သော နှစ်ပတ်လည် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤပြပွဲကို ဘန်ကောက်မြို့၏ သမိုင်းဝင်ရပ်ကွက်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ Baan Trok Thua Ngok အမွေအနှစ်အဆောက်အအုံတွင် ခင်းကျင်းပြသထားမည်ဖြစ်ပြီး Louis Vuitton ၏ ခရီးသွားလာမှုနှင့် ပတ်သက်သော ရေရှည်ဆက်ဆံရေး၊ ဖက်ရှင်၊ လက်မှုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အနုပညာတို့ကို ပေါင်းစပ်ဖော်ပြထားသည်။
အထပ်လေးထပ်ဖြင့် ဖွဲ့စည်းထားသော LOUIS VUITTON HOTEL BANGKOK တွင် Louis Vuitton ၏ အထင်ကရ အိတ် (၅) မျိုးဖြစ်သော Keepall, Speedy, Alma, Neverfull နှင့် Noé တို့ကို ဗဟိုပြု၍ ထူးခြားသော အတွေ့အကြုံများကို ပေးစွမ်းမည်ဖြစ်သည်။ အခန်းတစ်ခုချင်းစီတွင် အဆိုပါ ဒီဇိုင်းများသည် လက်တွေ့ကျသော ခရီးသွားဖော်များအဖြစ်မှ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသည့် ခေတ်မကုန်နိုင်သော ဖက်ရှင်သင်္ကေတများဖြစ်လာပုံနှင့် စုဆောင်းသူများ တန်ဖိုးထားရသည့် ပစ္စည်းများအဖြစ် ပြောင်းလဲလာပုံ သမိုင်းကြောင်းများကို ဖော်ပြထားသည်။
လာရောက်လည်ပတ်သူများသည် Louis Vuitton ၏ လက်ရာမြောက်သော အမွေအနှစ်များ၊ ကျွမ်းကျင်မှုများနှင့် ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် Monogram ဒီဇိုင်းသည် ရာစုနှစ်တစ်ခုကျော်တိုင်အောင် မည်ကဲ့သို့ ခေတ်မီနေဆဲဖြစ်သည်ကို လေ့လာနိုင်မည်ဖြစ်သည်။
ပြပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ မတ်လ ၁၅ ရက်အထိ ဘန်ကောက်မြို့ရှိ 306 Santiphap Road, Pom Prap, Bangkok တွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး တနင်္လာမှ ကြာသပတေးနေ့အထိကို နေ့စဥ် နံနက် ၁၁ နာရီမှ ည ၈ နာရီ၊ သောကြာမှ တနင်္ဂနွေနေ့အထိကို နံနက် ၁၀ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရှုရန်အတွက် LV အမှတ်တံဆိပ်၏ တရားဝင်ဝဘ်ဆိုက်မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။
