နေမိုး
၁၀.၂. ၂၀၂၆
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ရွာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်စေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ လျှပ်စစ်တာဝါတိုင် များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ စသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား PDF များ (အင်အားစိစစ်ဆဲ) က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်းရှိ 132/66/11 KV (13.33)MVA Single Phase Transformers (Y Phase နှင့် B Phase) ထရမ်စဖော်မာ နှစ်လုံးတွင် လက်နက်ငယ်ကျည်ထိမှန်ကာ ဆီယိုစိမ့်ခြင်းများ ဖြစ်ပေါ်နေ၍ လျှပ်စစ် ဓာတ်အားလိုင်းပြတ်တောက်ခဲ့ပြီး မြစ်ခြေမြို့နှင့်အနီး ကျေးရွာများအား လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးနိုင်ခြင်း မရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းတပ်ဆင် စက်အင်အားမှာ ၆,၇၂၅ မဂ္ဂါဝပ်အထိရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးနေရသည့်အခြေအနေလည်း ဖြစ်ပေါ်နေသည်။
