သက်တံ့
၁၀.၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခတ်ရှိ ဆိုင်တစ်ဆိုင်တွင် တောင်ကိုရီးယားအမျိုးသမီးနှစ်ဦးက ရေကူးဝတ်စုံများကို ဝယ်ယူမည့်သူများအဖြစ် ဟန်ဆောင်ကာ ခိုးယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု မနေ့က (ဖေဖော်ဝါရီ ၉ ရက်) တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် “Plaifah Beachwear” အမည်ရှိ ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းက ခိုးယူမှု CCTV မှတ်တမ်းကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေကာ သံသယရှိသူများကို ဖော်ထုတ်နိုင်ရန် အများပြည်သူထံမှ အကူအညီတောင်းခံထားသည်။
ဆိုင်ဝန်ထမ်း၏ ပြောပြချက်အရ အဆိုပါ နိုင်ငံခြားသူအမျိုးသမီးနှစ်ဦးသည် မနက် ၁၂ နာရီ ၂၈ မိနစ်ဝန်းကျင်တွင် ဆိုင်သို့ ပထမအကြိမ် ရောက်ရှိလာပြီး ပုံမှန်ဝယ်သူများကဲ့သို့ ပြုမူခဲ့ကြသည်။ ၎င်းတို့သည် ရေကူးဝတ်စုံ အများအပြားကို စမ်းဝတ်ကြည့်ကာ ဈေးနှုန်းများကို မေးမြန်းခဲ့သည်။ ထို့နောက် ပစ္စည်းများမှာ ဈေးနှုန်းအနည်းငယ် မြင့်မားသည်ကို သိရှိသွားပြီးနောက် ဘာမျှမဝယ်ဘဲ ဆိုင်မှ ထွက်ခွာသွားခဲ့သည်။
သို့သော် မိနစ် ၃၀ ခန့်အကြာတွင် ၎င်းတို့နှစ်ဦး ဆိုင်သို့ ထပ်မံရောက်ရှိလာခဲ့သည်။ ဒုတိယအကြိမ်တွင် အမျိုးသမီးတစ်ဦးက ရေကူးဝတ်စုံ ထပ်မံစမ်းဝတ်လိုကြောင်း ပြောဆိုပြီး အဝတ်လဲခန်းအတွင်း အကူအညီပေးရန် ဝန်ထမ်းကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် ဆိုင်ရှေ့၌ မည်သူမျှမရှိဘဲ ရေကူးဝတ်စုံဝတ်လိုသူအမျိုးသမီးနှင့် အတူပါလာသူ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသာ ရှိနေခဲ့သည်။

ဝန်ထမ်းဖြစ်သူ အဝတ်လဲခန်းထဲ၌ အာရုံရောက်နေစဉ် အပြင်၌ ကျန်ရစ်သော ဒုတိယအမျိုးသမီးသည် ဆိုင်အတွင်း ပစ္စည်းကြည့်နေသလိုမျိုး လျှောက်သွားနေသည်ကို CCTV တွင် တွေ့ရသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် စားပွဲအောက်ရှိ အပိုပစ္စည်းများ ထည့်ထားသော ခြင်းတောင်းထဲမှ ရေကူးဝတ်စုံများကို သူမ၏ အိတ်ထဲသို့ ခိုးယူထည့်သွင်းနေသည်ကို မှတ်တမ်း၌ ရှင်းလင်းစွာ မြင်တွေ့ရသည်။
သူမသည် သူငယ်ချင်းဖြစ်သူ အဝတ်လဲခန်းမှ ထွက်လာသည်အထိ ဆိုင်ရှိ အခြားပစ္စည်းများကို ကြည့်နေသလို ဟန်ဆောင်နေခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ဝတ်စုံများကို သဘောမကျသေးကြောင်း ဝန်ထမ်းကို ပြောဆိုကာ တစ်ခုမှမဝယ်ဘဲ ဆိုင်မှ ထွက်ခွာသွားခဲ့ကြသည်။
နောက်ပိုင်းတွင် ဝန်ထမ်းဖြစ်သူသည် ပစ္စည်းအချို့ ပျောက်ဆုံးနေသည်ကို သတိပြုမိသဖြင့် CCTV ပြန်လည်ကြည့်ရှုရာမှ ခိုးယူမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေကူးဝတ်စုံများသည် ကိုလံဘီယာနိုင်ငံမှ တင်သွင်းထားခြင်းဖြစ်သဖြင့် အခြားဆိုင်များရှိ ပစ္စည်းများထက် ဈေးနှုန်းပိုမိုမြင့်မားကြောင်း ဝန်ထမ်းက ရှင်းပြသည်။
သံသယရှိသူများ ပထမအကြိမ် လာရောက်စဉ်က ၎င်းတို့ စမ်းဝတ်နိုင်ရန် ပစ္စည်းသိုလှောင်ခန်းထဲမှ အခြားဆိုဒ်များကို ထုတ်ပေးခဲ့သဖြင့် ဆိုင်၏ ပစ္စည်းများ မည်သည့်နေရာတွင် ထားရှိသည်ကို အမျိုးသမီးများ သိရှိသွားကာ ဒုတိယအကြိမ်တွင် ခိုးယူရန် ပိုမိုလွယ်ကူသွားခြင်း ဖြစ်နိုင်ကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားသည်။
ဆိုင်ပိုင်ရှင်က ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ခရီးသွားလုပ်ငန်း နယ်မြေရှိ အခြားစီးပွားရေးလုပ်ငန်းရှင်များကို သတိပေးရန်နှင့် သံသယရှိသူများ၏ အချက်အလက်များကို သိရှိနိုင်ရန် ဖြစ်စဉ်ကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီးများသည် ယခင်ကလည်း အလားတူ ခိုးမှုများ ကျူးလွန်ဖူးသူများ ဖြစ်နိုင်သည်ဟု ဆိုင်ပိုင်ရှင်က ယူဆနေသည်။
သံသယရှိသူများနှင့် ပတ်သက်၍ သတင်းအချက်အလက် သိရှိပါက ဆိုင်၏ ဖုန်းနံပါတ် 065-017-7050 သို့ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟုလည်း ကြေညာသည်။
ပြီးခဲ့သည့်လကလည်း ဖူးခက်ရှိ Spa တစ်ခုတွင် ဂျာမနီနိုင်ငံသား သုံးဦးက ငွေသား ဘတ် ၂,၀၀၀ နှင့် ညှပ်ဖိနပ်များကို ခိုးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ အဆိုပါဖြစ်စဉ်တွင် သံသယရှိသူတစ်ဦးက တရားစွဲခံရမည်ကို စိုးရိမ်သဖြင့် ငွေများ ပြန်ပေးခဲ့သော်လည်း စပါးပိုင်ရှင်က ဥပဒေအရ အဆုံးအထိ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။
Ref : The Thaiger
