သက်တံ့
၁၀. ၂. ၂၀၂၆
အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုလိုက်သော ကုန်သွယ်ရေးသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်ပို့သော သွင်းကုန်ခွန်နှုန်းထားကို ၁၉ ရာခိုင်နှုန်းသို့ လျှော့ချခွင့်ရရှိခဲ့သည့်အပြင် အမေရိကန်မှ ကုန်ကြမ်းများဖြင့် ထုတ်လုပ်သည့် အချို့သော အထည်အလိပ်နှင့် အဝတ်အထည်များအတွက် အခွန်ကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်ကို တနင်္လာနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြီးအကဲ ဒေါက်တာ မူဟာမက် ယူနွတ်စ်က “အမေရိကန်ထုတ် ဂွမ်း (Cotton) နှင့် လူလုပ်အမျှင် (Man-made fibre) များကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်က ထုတ်လုပ်သည့် အချို့သောအထည်အလိပ်များ အမေရိကန်ဈေးကွက်သို့ တင်ပို့ရာတွင် အခွန် လုံးဝပေးဆောင်ရန်မလို (Zero Tariff) သည့် ယန္တရားတစ်ခုကို ထူထောင်ရန် ဝါရှင်တန်က ကတိပြုခဲ့သည်” ဟု ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် ဓာတုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ စက်ကိရိယာများ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ ပဲပုပ်ထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ အမဲသား၊ ကြက်သား၊ သစ်သီးဝလံများနှင့် အခွံမာသီးများ အပါအဝင် စက်မှုနှင့် စိုက်ပျိုးရေးကုန်စည်များအတွက် သိသာထင်ရှားသော ဈေးကွက်အခွင့်အလမ်းများ ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် အမေရိကန်၏ ယာဉ်ဘေးကင်းလုံခြုံရေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု စံနှုန်းများကို လက်ခံခြင်း၊ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်များကို အသိအမှတ်ပြုခြင်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ထားသော ကုန်စည်များ (Remanufactured goods) တင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားခြင်းဖြင့် အခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီးများကို လျှော့ချပေးသွားမည်ဖြစ်သည်။
ယင်းအပြင် နှစ်နိုင်ငံအကြား လေယာဉ်ဝယ်ယူရေး၊ အမေရိကန်စိုက်ပျိုးရေးထွက်ကုန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံဖိုး ဝယ်ယူရေးနှင့် လာမည့် ၁၅ နှစ်အတွင်း အမေရိကန်စွမ်းအင်ထုတ်ကုန် ဒေါ်လာ ၁၅ ဘီလျံဖိုးခန့် ဝယ်ယူရေး အစရှိသည့် စီးပွားရေးသဘောတူညီချက်များကိုလည်း ထည့်သွင်းမှတ်တမ်းတင်ခဲ့ကြသည်။
ယခုသဘောတူညီချက်သည် ပြီးခဲ့သည့်နှစ် ဧပြီလကစတင်ခဲ့သော ၉ လကြာ ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ကြောင်း ယူနွတ်စ်က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုထားသော အလုပ်သမားအခွင့်အရေးများကို လိုက်နာရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားကောင်းစေရန်လည်း ကတိပြုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးတွင် အထည်ချုပ်ကဏ္ဍသည် ကျောရိုးဖြစ်ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကာ အလုပ်သမား ၄ သန်းခန့်ကို အလုပ်အကိုင်ပေးထားပြီး ဂျီဒီပီ (GDP) ၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။
သွင်းကုန်ခွန် ၁၉ ရာခိုင်နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်သည် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အိန္ဒိယအတွက် အခွန်နှုန်းထားကို ယခင် ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ အမေရိကန်က လျှော့ချသတ်မှတ်ပေးထားသည်။ ပြီးခဲ့သည့် ဧပြီလက ပထမအကြိမ် အခွန်သတ်မှတ်စဉ်တွင် အိန္ဒိယက ၂၅ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၃၇ ရာခိုင်နှုန်းအထိ အခွန်အကောက် ခံခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များက အိန္ဒိယသို့ ဖောက်သည်များ ပါသွားမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ယခုအခါ နှစ်နိုင်ငံလုံး တူညီသောအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အိန္ဒိယသို့ ထွက်ပြေးသွားပြီးနောက် ယာယီအစိုးရက အုပ်ချုပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ခေါင်းဆောင်သစ်ကို ရွေးချယ်ရန် လာမည့်ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
