၂၄. ၂. ၂၀၂၃
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် အထည်ချုပ်လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၉၀၀ ကျော်ဖန်တီးပေးနိုင်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃)အစည်းအဝေးမှ သိရသည်။

အထက်ပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းမှာ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ အထည်ချုပ်လုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ ဒေါ်လာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၀၂ ခု ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကျဆင်းလာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လက်ရှိတွင် ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုများလာသဖြင့် ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“၂၀၁၉ နဲ့ယှဉ်လိုက်ရင်တော့ ၂၀၂၀ မှာ သူကစကျတာ၊ ၂၀၂၁ မှာကျတယ်၊ ၂၀၂၂ ခုနှစ်မှာ ပြန်တက်နေတယ်။ ၂၀၁၉ ကိုတော့ မမီသေးဘူးပေါ့နော် တော်တော်ပြန်တက်လာတယ်” ဟု အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက MT News သို့ ပြောကြားသည်။

ထို့ပြင် အချို့သော ဥရောပကုမ္ပဏီကြီးများ အော်ဒါမှာယူမှုရပ်သွားသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ၌ ဥရောပနိုင်ငံများမှ အလတ်စားနှင့်အသေးစားကုမ္ပဏီများ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *