၂၄. ၂. ၂၀၂၃
Written by Pan Ei

ကိုဗစ်ရောဂါထိန်းချုပ်ရေးစည်းကမ်းတွေကို ကမ္ဘာအနှံ့မှာ လျှော့ချလာကြပြီးနောက် နိုင်ငံတကာ ခရီးသွားလာမှုတွေက အရှိန်အဟုန်နဲ့ မြင့်တက်လျက်ရှိနေတာကြောင့် လေယာဉ်ခတွေကလည်း တိုးမြင့်လျက်ရှိပြီး လူအများအတွက် ခရီးဝေးများ သွားလာဖို့ကို ခက်ခဲစေလျက်ရှိနေပါတယ်။ ဒါ့ကြောင့် ခရီးသွားများလာရောက်လည်ပတ်ဖို့ ကျော်ကြားတဲ့ အရပ်များမှ ဒေသခံတွေဟာလည်း သူတို့ရဲ့ ဒေသကို ခရီးသည်တွေ လာရောက်လည်ပတ်ကြပြီး စီးပွားရေးကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

ဒီလိုမျိုး ကြိုးပမ်းနေကြတဲ့နေရာတွေထဲမှာ ထိုင်ဝမ်လည်း အပါအဝင်ဖြစ်ကာ ထိုင်ဝမ်က လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို အပန်းဖြေခရီးအတွက် ၁၆၅ ဒေါ်လာ ပေးမယ်လို့ စီစဉ်နေပြီး လာရောက်လည်ပတ်ဖို့ စီစဉ်ပေးတဲ့ ခရီးသွားအဖွဲ့တွေကိုလည်း ငွေသားဆုလက်ဆောင်တွေ ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ဝန်ကြီးချုပ် ချန် ချီယန်ဂျန် က “အစိုးရက ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ခြောက်သန်းကို ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထားပြီး ၂၀၂၄ ခုနှစ်မှာ အဆိုပါ ကိန်းဂဏန်းကို နှစ်ဆတိုးပြီး ၂၀၂၅ ခုနှစ်မှာလည်း ခရီးသွား ၁၀ သန်းခန့် လာရောက်လည်ပတ်ဖို့ ရည်မှန်းထားပါတယ်” လို့ ဆိုပါတယ်။

ထိုင်ဝမ်သို့ လာရောက်လည်ပတ်သူ ငါးသိန်းအား ခရီးသွားတစ်ဦးချင်းစီအတွက် ထိုင်ဝမ်ဒေါ်လာ ၅,၀၀၀ (၁၆၅ ဒေါ်လာ) ပေးအပ်မည်ဖြစ်ပြီး ခရီးသွားအဖွဲ့ပေါင်း ကိုးသောင်း အတွက်လည်း ထိုင်ဝမ်ဒေါ်လာ ၂၀,၀၀၀ (၆၅၈ ဒေါ်လာ) အထိထောက်ပံ့ကြေးပေးမယ်လို့ သိရပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး ဝမ်ကူအိုတိုင်က ငွေသားထောက်ပံ့မှုကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ခရီးသည်တွေ ထိုင်ဝမ်မှာ တည်းခိုနေထိုင်မှုအပါအဝင် သူတို့ရဲ့ ကုန်ကျစရိတ်တွေကို ကာမိစေဖို့ အဆိုပါငွေကြေးတွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝမ်ကူအိုတိုင်က “ဒီလိုမျိုး စီစဉ်မှုတွေဟာ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ၊ ဟောင်ကောင်နှင့် မကာအိုတို့အပြင် ဥရောပနှင့် အမေရိကတို့က ခရီးသွားများကိုပါ ပိုမိုဆွဲဆောင်ဖို့ ရည်ရွယ်ထားပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News